Home
မြန်မာသတင်း
မူဆယ်တွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 
နန်းမြနဒီ
·
December 24, 2019
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ယမန်နေ့ညက ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁ ဦး သေဆုံးသွားကာ  ၂ ဦး ဒဏ်ရာရသွားပါတယ်။  မူဆယ်မြို့ပြင် မင်္ဂလာမူဆယ်ဈေးအသွားလမ်း တော်ရွက်ရပ်ကွက်ထဲမှာ မနေ့ ည ၇ နာရီခွဲ လောက်က ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးဒဏ်ရာရသူရှိကြောင်း သတင်းရတဲ့အတွက် ချက်ချင်းပဲ အသင်းပိုင်ကားနဲ့ လူနာတွေကို လားရှိုးဆေးရုံထိ ပို့ဆောင်ပေးခဲ့တယ်လို့ မူဆယ် ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။  “ပစ်ကြခတ်ကြရင်းနဲ့ပေါ့နော် တယောက်သေတယ်၊ နှစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ နှစ်ယောက်ကိုတော့ ကျနော်တို့ မူဆယ်ဂရုဏာအသင်းကနေပြီးတော့ လားရှိုးဆေးရုံကို မနေ့ညကဘဲ အရေးပေါ်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အားလုံး အသက် ၂၀ ကျော်ရွယ် လူငယ်တွေပါ။ တရုတ် လူမျိုးလို့ ထင်ရပါတယ်။ ဒဏ်ရာရတဲ့ထဲက တယောက်က အသက်အန္တရာယ် စိုးရိမ်ရတယ်။  ” ပြန်ပေးဆွဲရာကနေပစ်ခတ်မှုဖြစ်ပွားရတာဖြစ်ပြီး အရှေ့ကသွားနေတဲ့ ကားကို အနောက်ကလိုက်လာတဲ့ကားက ပစ်ခတ်ခဲ့ကြောင်း၊ ဒဏ်ရာရသူ နှစ်ဦးအနက် တဦးမှာ ပြန်ပေးဆွဲမှုနဲ့ မသက်ဆိုင်ဘဲ လမ်းပေါ်သွားလာနေတဲ့ ပြည်သူ တဦးသာဖြစ်တယ်လို့လည်း   ဦးသောင်းထွန်းက ဆက်ပြောပါတယ်။ ဒီပစ်ခတ်မှုကိစ္စနဲ့ ပတ်သက်ပြီး  မူဆယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ အခင်းဖြစ်ပွား ကြောင်း အတည်ပြုပြောဆိုပြီး အသေးစိတ်ကို မူဆယ်စခန်းမှူးကသာ ဖြေကြားနိုင်မယ်လို့ ဆိုပါတယ်။  စခန်းမှူးကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။  မူဆယ်မှာ မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး  မြို့သူမြို့သား တွေမှာ ကျီးလန့်စာစားသလိုနေနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024