Home
ဆောင်းပါး
 ၂၀၁၉ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ပုံရိပ်
DVB
·
December 23, 2019
၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်ကို ကူးပြောင်းတော့မယ့်အချိန် လက်ရှိ အန်အယ်လ်ဒီ အစိုးရသက်တမ်း ၄ နှစ်လောက် ရှိလာတဲ့အချိန် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ပြီးခဲ့တဲ့ ၂ နှစ်ကနဲ့ယှဉ်ရင် ၇ ဆင့် ကျသွားတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဆိုပါတယ်။ ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေကို စောင့်ကြည့်နေတဲ့ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) အဖွဲ့ရဲ့ နှစ်စဉ် သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာက အဆင့် ၁၃၈ မှာ ရပ်တည်နေပြီး မနှစ်က အဆင့် ၁၃၇ ရပ်တည်နေရာကနေ အခု ၂၀၁၉ ခုနှစ်မှာ တဆင့်ထပ်ကျသွားတာပါ။ အန်အယ်လ်ဒီအစိုးရ စတက်လာတဲ့ ၂၀၁၆ နှစ်တုန်းကတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့် ၁၄၃ ရှိရာကနေ ၂၀၁၇ ခုနှစ်မှာ အဆင့် ၁၂ ဆင့် ခုန်တက်လာခဲ့လို့  အဆင့် ၁၃၁ ထိ အမြင့်ဆုံးရောက်ခဲ့ပြီး အခုအစိုးရသက်တမ်း ၄ နှစ်အကြာမှာ ၇ ဆင့် ပြန် ကျသွားတာလည်း ဖြစ်ပါတယ်။ သတင်းစာပညာ သင်တန်းဆရာတယောက် ဖြစ်တဲ့ ဦးမြင့်ကျော်က “သူတို့ကတော့ သတင်းလွတ်လပ်ခွင့်နဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေ၊ သတင်းသမားတွေ ဖမ်းဆီး တရားစွဲခံရတာ စတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး လုပ်ထားတာပေါ့။ ကျနော်တို့ကတော့ မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ဦးစားပေး ပြင်ဆင်တာ၊ ခေတ်နဲ့မညီတော့တာတွေကို ပြင်ဆင်ဖို့ ဖျက်သိမ်းဖို့ နှောင့်နှေးနေတာတွေကလည်း အခုလို ကျဆင်းစေတာလို့ မြင်တယ်”လို့ ပြောပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ အောင်ပွဲခံ ပြီးတဲ့နောက်ပိုင်း မြန်မာသတင်းသမားတွေဟာ အစိုးနဲ့ စစ်တပ်ကို ဝေဖန်လို့ ဖမ်းဆီး ထောင်ချခံရမှာကို စိုးရိမ်နေစရာ မလိုဘူးလို့ မျှော်လင့်ခဲ့ကြပေမယ့် ၂၀၁၆ ခုနှစ်ကစလို့ မီဒီယာ လွတ်လပ်ခွင့်ဟာ အစိုးရရဲ့  ဦးစားပေး မဟုတ်ခဲ့ဘူးလို့ RSF က ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ  ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာဟာ အဆင့် ၂၀ တက်လာခဲ့ပေမယ့် ခုတော့ ပြန်ကျဆင်းသွားခဲ့တာပါ။ ဒါ့အပြင်  သတင်းသမားတွေဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံရတာ ရှိသလို ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေဟာ သူတို့ရဲ့အလုပ်နဲ့ ဆက်နွှယ်ပြီး  ရာဇဝတ်မှုနဲ့ တရားစွဲခံရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ အရှေ့တီမောက ၈၄ အဆင့်၊  မလေးရှားက ၁၂၃၊ အင်ဒိုနီးရှားက ၁၂၄၊ ဖိလစ်ပိုင်က ၁၃၄၊ ထိုင်းက ၁၃၆  နဲ့ မြန်မာရဲ့အထက်မှာ ရှိနေပြီး ကမ္ဘောဒီးယားက အဆင့် ၁၄၃၊ စင်ကာပူက ၁၅၁၊ ဘရူနိုင်းက ၁၅၂၊ လာအိုက ၁၇၁၊ ဗီယက်နမ်က ၁၇၆ နဲ့ မြန်မာနိုင်ငံရဲ့ အောက်မှာ အသီးသီး ရပ်တည်နေပါတယ်။ ဒီထဲမှာ မလေးရှားဟာ မနှစ်ကထက် အဆင့် ၂၂ တက်လာတာကို တွေ့ရပါတယ်။ ကမ္ဘာမှာ သတင်းလွတ်လပ်ခွင့်အမြင့်ဆုံး ၅ နိုင်ငံကတော့ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ နယ်သာလန်နဲ့ ဒိန်းမတ်နိုင်ငံတို့ ဖြစ်ကြပြီး သတင်းလွတ်လပ်ခွင့် အနိမ့်ဆုံး ၅ နိုင်ငံကတော့ (အာရှအလယ်ပိုင်း) တတ်ခ်မင်စ္စတန်၊ မြောက်ကိုရီးယား၊ (အာဖရိကမြောက်ပိုင်းနိုင်ငံ) အီရီထရီးယား၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပါတယ်။   အမေရိကန်အခြေစိုက် သတင်းထောက်များ ကာကွယ်ရေးကော်မတီ (CPJ) ရဲ့ မှတ်တမ်းတွေအရတော့ မြန်မာနိုင်ငံမှာ သတင်းထောက်တွေ ဖမ်းဆီး သတ်ဖြတ်ခံရတာဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အထိမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အဲဒီနောက်မှာတော့ လျော့နည်းလာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံမှာ သတင်းသမား ၁၀ ယောက် ဖမ်းဆီးထောင်ချခံရပြီး ၁ ယောက် သတ်ခံရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ၅ ယောက်၊ ၂၀၁၆ ခုနှစ်မှာ ၂ ယောက်ဖမ်းခံရပြီး ၁ ယောက်သတ်ခံရပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၃ ယောက် ဖမ်းခံရပြီး၊ ၂၀၁၈ မှာ ၂ ယောက်၊ ၂၀၁၉ ခုနှစ်မှာ ၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ အခု ၂၀၁၉ ခုအတွင်း မြန်မာနိုင်ငံမှာ သတင်းသမားတွေ သေဆုံးမှု မရှိသလို ဖမ်းဆီးခံရတဲ့ သတင်းသမားတွေလည်း လွတ်မြောက်လာခဲ့တာ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာ လူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းရေးသားခဲ့လို့ ထောင် ၇ နှစ် ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းထောက်  ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အခုနှစ် မေလ ၇ ရက်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသလို အမေရိကန် စာနယ်ဇင်းလောကမှာ သြဇာအကြီးဆုံးဆု ဖြစ်တဲ့ ၂၀၀၉ ခုနှစ်အတွက် ပူလစ်ဇာဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။  အလားတူ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းဟာလည်း အာရှရဲ့ နိုလ်ဆုလို့ တင်စားခေါ်ကြတဲ့ ဖိလစ်ပိုင်နိုင်ငံက ပေးအပ်တဲ့ ၂၀၁၉ ရေမွန်မက်ဆေးဆေးဆုကို ရရှိခဲ့ပါတယ်။ ကိုဆွေဝင်းကတော့ လူမှုကွန်ရက်ပေါ်မှာ အမျိုးသားရေးဆရာတော် ဦးဝီရသူကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးခရိုင် တရားရုံးမှာ အမှု ဆက်လက် ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအစိုးရ တက်လာပြီးနောက်ပိုင်း အွန်လိုင်းနဲ့ ဒစ်ဂျစ်တယ်မီဒီယာတွေ အားကောင်းလာတာနဲ့အတူ ပုံနှိပ်သတင်းစာ ဂျာနယ်တွေဟာ အရှုံးပေါ်ပြီး ဆက်တိုက် ရပ်ဆိုင်းတာနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။  အရင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ နေ့စဉ်ထုတ် သတင်းစာအစောင် ၃၀ အထိ ထုတ်ဝေခဲ့ပေမယ့် လက်ရှိမှာတော့ ပုဂ္ဂလိကသတင်းစာ ၆ စောင်ပဲ ပုံနှိပ်ထုတ်ဝေနိုင်ပါတော့တယ်။  နေ့စဉ်ထုတ် သတင်းစာတွေထဲက ဒီမိုကရေစီတူဒေးသတင်းစာဟာ အရှုံးပေါ်နေတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကပဲ ရပ်နားကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ရပါတယ်။  သတင်းစာပညာ သင်တန်းဆရာ ဦးမြင့်ကျော်က “မီဒီယာတွေ ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် နိုင်ငံရေးပါတီတို့လို၊ တခြားသော အကျိုးစီးပွားရှိတဲ့သူတွေကို မီဒီယာတွေက အားကိုးရင် အဲဒါကလည်း မီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်စေတာပေါ့။ မီဒီယာ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့အတွက် အစိုးရက လုပ်ဆောင်ပေးနိုင်တဲ့ တချို့ကိစ္စတွေကို လုပ်ပေးတာလည်း မတွေ့ရဘူး” လို့ သုံးသပ်ပြောပါတယ်။ ဒါ့အပြင် သတင်းသမားတွေကို သတင်းမီဒီယာဥပဒေနဲ့ မသက်ဆိုင်တဲ့ အခြား ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် တိုင်ကြားတာ၊ ခေါ်ယူမေးမြန်းစစ်ဆေးတာ၊ ဖမ်းဆီး ချုပ်နှောင်တာတွေ အခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်က  ဧရာဝတီသတင်းဌာနမှာ ဖော်ပြခဲ့တဲ့ “သတင်းထောက်တစ်ဦး၏ မြောက်ဦးမှတ်တမ်း” ဆောင်းပါးနဲ့ ပတ်သက်လို့ ဧရာဝတီသတင်းဌာနရဲ့ အကြီးတန်းအယ်ဒီတာ ဦးရဲနည်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ကျောက်တံတား ရဲစခန်းမှာ တရားစွဲခံခဲ့ရပါတယ်။  မေ ၁ ရက်ကလည်း  ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) အယ်ဒီတာချုပ်နဲ့ တာဝန်ရှိသူတွေကို သတင်းတပ်ဖွဲ့ (SB)က  မတရားအသင်း အက်ဥပဒေ ပုဒ်မ(၁၇/၂)နဲ့ စစ်တွေမြို့အမှတ် (၁) ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပါတယ်။ အလားတူ မေ ၁၅ ရက်မှာ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ Channel Mandalay သတင်းအေဂျင်စီ သတင်းထောက် နန္ဒ(တစ်ကိုယ်တော်)ကို ပုသိမ်ကြီး မြို့မရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အကြောင်း လှုပ်ရှားပညာပေးနေတဲ့ ပြည်တွင်းအဖွဲ့တခုဖြစ်တဲ့ အသံရဲ့  ၂၀၁၉ ခုနှစ် ပထမနှစ်ဝက် အစီရင်ခံစာအရ သတင်းသမား ၁၁ ယောက် တရားစွဲဆိုခံခဲ့ရပြီး အများဆုံးကတော့ တပ်မတော်နဲ့ရဲတပ်ဖွဲ့က စွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သတင်းသမားတွေကို သတင်းမီဒီယာဥပဒေနဲ့ မဟုတ်ဘဲ မတရားအသင်း အက်ဥပဒေ (၁၇/၁)၊ (၁၇/၂)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်မှု ၅၀၅(က) (ခ)၊ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆို၊ ဖမ်းဆီးထိန်းသိမ်း၊ ထောင်ဒဏ် အပြစ်ပေးတာဟာ ဒီမိုကရေစီနိုင်ငံအတွက် ဆီလျော်မှုမရှိဘူးလို့လည်း မီဒီယာကောင်စီက ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့ရပါတယ်။ ကမ္ဘာတဝန်းလုံးမှာတော့ ၂၀၁၉ ခုနှစ်အတွင်း ဂျာနယ်လစ် ၄၉ ယောက် အသတ်ခံရပြီး ၃၈၉ ယောက် ထောင်သွင်း အကျဉ်းချခံထားရသလို ၅၇ ယောက် ဓားစာခံအဖြစ် ပြန်ပေးဆွဲခံရတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ထားပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၆ နှစ်တာကာလအတွင်း သတင်းသမား သေဆုံးမှု အနည်းဆုံးဖြစ်ပေမယ့် သတင်းသမားအလုပ်ဟာ အန္တရာယ်ရှိတဲ့ အလုပ်အဖြစ် ဆက်ရှိနေဆဲလို့ ဆိုပါတယ်။ အာရှပစိဖိတ်ဒေသတွင်း ၃၄ နိုင်ငံထဲမှာ  သတင်းသမားတွေ ထောင်ချခံရမှု အများဆုံး နိုင်ငံတွေကတော့ တရုတ်နဲ့ ဗီယက်နမ်ပါ။ သတင်းသမား သေဆုံးမှု အများဆုံးနိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြစ်ပြီး သတင်းမှောင်ချခံထားရတဲ့ နိုင်ငံတွေကတော့ မြောက်ကိုရီးယားနဲ့ လာအိုနိုင်ငံတို့ ဖြစ်ပါတယ်။ ဒေသတွင်း သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါဝင်တော့ပေမယ့် အစိုးရအနေနဲ့ နောင်လာမယ့်နှစ်တွေမှာ သတင်းလွတ်လပ်ခွင့် အဆင့်အတန်း ပိုမိုမြင့်တက်လာအောင် ကြိုးပမ်းဖို့ များစွာအားထုတ်ကြိုးပမ်းဖို့ လိုနေသေးတယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024