Live
Home
မြန်မာသတင်း
ပင်လယ်ကျားဖောင်လုပ်သားများကို အခြေခံလစာနှုန်းထားထက် ပိုပေးရန်တိုက်တွန်း 
စိုးမိုးအောင်
·
December 23, 2019
ပင်လယ်ကျားဖောင်လို အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်က လုပ်သားတွေကို အစိုးရ သတ်မှတ်ထား တဲ့ အခြေခံလစာနှုန်းထားထက် ပိုပေးသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်  (ILO) အကြံပေးအရာရှိက ပြောတယ်။  ကျားဖောင်လုပ်သားတွေဟာ အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၄၈၀၀ တောင် မရသေးတဲ့အပေါ်  ဒီဗွီဘီရဲ့မေးမြန်းချက်နဲ့ပတ်သက်ပြီး အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့လုပ်သားတွေ အတွက် အနိမ့်ဆုံးလုပ်ခလစာထက်ပိုပေးသင့်သလို ကျန်းမာရေး၊ သက်သာချောင်ချိရေး လူမှု ဖူလုံရေးတွေပါ ပိုမိုရရှိအောင်လုပ်ပေးသင့်တယ်လို့ ILO နည်းပညာ အကြံပေးအရာရှိချုပ် ဂျက်ကီပေါလ်လော့ခ်က တိုက်တွန်း ပြောပါတယ်။  ပင်လယ်ကျားဖောင်ပေါ်မှာလုပ်နေတဲ့ ရေလုပ်သားတယောက်ရဲ့လစာဟာ ကျပ် တသိန်း ဝန်းကျင်အောက်သာရှိပြီး ငါးပုဇွန်အရအမိပေါ်မှာသာ ရာခိုင်နှုန်းလိုက်ပေးတာတွေရှိတယ်လို့ ကျားဖောင်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့ လုပ်သားနှစ်ဦးရဲ့ ဖခင် ဦးစိုးနိုင်က ပြောပါတယ်။ ကျားဖောင် လုပ်ငန်းရှင် ဦးသန့်ဇင်လှိုင်ကတော့ ကျားဖောင်လုပ်သားတဦးကို လုပ်အားခအဖြစ် တစ်လကို ငွေကျပ် တသိန်းနဲ့ ငါးပုဇွန်ရရှိတဲ့အပေါ် ရာခိုင်နှုန်း အလိုက်ဖြတ်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။ ကျားဖောင်လုပ်ငန်းရှင်တွေအနေနဲ့ ရေလုပ်သားတဦးကိုအခုနှစ်မှာ ဝင်ဝင်ချင်းကြိုတင်ငွေ ၈ သိန်း ထုတ်ပေးသလို ၂၄ နာရီလုပ်ရတဲ့အပေါ်မှာကြည့်ကာ စာရင်းရှင်းပေးတာဖြစ်တယ်လို့ လုပ်ငန်းခွင်မှာ လက်ညှိုးတချောင်းပြတ်သွားတဲ့ ရေလုပ်သား ဦးသန်းဝင်း က  ပြောပါတယ်။ ပင်လယ်ကျားဖောင်မှာလုပ်ကိုင်နေတဲ့ ရေလုပ်သားတွေဟာ နေ့စဉ်ပိုက်ထောင်ပိုက်ဆွဲတာ အပြင် ငါးပုဇွန်အခြောက်လှမ်းတာကို အချိန်လုလုပ်ကိုင်နေရတာကြောင့် ပင်ပန်းမှုဒဏ်နဲ့ ကျန်းမာရေးချို့တဲ့တာတွေရှိတယ်လို့  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)က‌တော့ ပင်လယ်ကျားဖောင်တွေမှာ လူကုန်ကူးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု တွေ ရပ်တန့်ဖို့အတွက် နိုင်ငံတကာငါးဖမ်းဥပဒေတွေကို လေ့လာပြီး ဥပဒေအသစ်တွေ ရေးဆွဲဖို့ လည်း အကြံပြုတိုက်တွန်းထားပါတယ်။ စိုးမိုးအောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024