မိုင်းတုံမြို့နယ်တွင် ဘိန်းစိမ်း ၅၀၀ ဂရမ်နှင့် သေနတ်ကိုင်ဆောင်သူ ၁ ဦးကို ဖမ်းမိ
DVB
·
December 21, 2019
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့အနောက်ဘက် မိုင်းတုံ-တာဆန်းသွားလမ်းနဲ့ ၁၈ မိုင် အကွာက ဂေါ်တောရွာမှာ အမျိုးသားတဦးကို ဘိန်းစိမ်းလို့ယူဆရတဲ့ အမည်းရောင်အစေးခဲ ၅၀၀ ဂရမ်နဲ့တလုံးထိုး ပြောင်းချော သေနတ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စုထံက သိရပါတယ်။
မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးခိုင်က "မူးယစ်ဆေးဝါးလက်ဝယ်ရှိနေကြောင်းသတင်းရလို့ ရှာဖွေခဲ့ရာက အိပ်ယာဘေးမှာ ပလပ်စတစ်အကြည်ရောင်နဲ့ထ ထုပ်ထားတဲ့အမဲရောင်အစေးခဲ တစ်ထုပ်နဲ့ အခန်းထောင့်တိုင်မှာ ချိတ်တားတဲ့ ရုရှားနိုင်ငံလုပ် ၁၂ ဗို့ တစ်လုံးထိုး ပြောင်းရှည် တလက်ကို တွေ့ရှိဖမ်းဆီးခဲ့တာပါ။ ကျည်တော့မပါပါဘူး'' လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ ဂေါ်တော်ရွာနေသူ အသက် ၃၄ နှစ်အရွယ်ရှိ ကျလောကို မိုင်းတုံမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဥပဒေ ပုဒ်မ ၁၉(က)နဲ့ လက်နက်ဥပဒေ ပုဒ်မ ၂၂ (ခ)အရ အမှုဖွင့်အရေးယူထားပါတယ်။
အောင်ဇေယျ