နိုင်ငံတကာပိတ်ဆို့မှုကိုကြောက်မနေဘဲ ဆက်ရင်ဆိုင်မည်ဟု ကုန်သည်/စက်မှုအသင်းချုပ်ပြော
ပြည့်ဖြိုးကျော်
·
December 21, 2019
တပ်မတော်ပိုင် မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအတွက် ဖြစ်လာနိုင်တဲ့ နိုင်ငံတကာပိတ်ဆို့မှုဟာ တိုင်းပြည်အတွက် စိန်ခေါ်မှုဖြစ်ပေမယ့် ကြောက်မနေဘဲ ဆက်ရင်ဆိုင်ဖို့ပဲ ရှိတယ်လို့ ကုန်သည်/စက်မှုအသင်းချုပ် တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်အပေါ်နိုင်ငံတကာက ပိတ်ဆို့မှုတွေ ရှိလာနိုင်တာကြောင့် ပြည်တွင်းမှာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေ အခက်အခဲရှိနိုင်တယ်လို့ နိုင်ငံတကာ သတင်းဆောင်းပါးတွေမှာ ခန့်မှန်း ရေးသားဖော်ပြနေပါတယ်။
ဒါပေမဲ့ မဆိုင်တဲ့ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံတကာရဲ့အရေးယူမှုတွေကြောင့် အကျပ်အတည်းဖြစ်နိုင်ပေးယ့် လက်ရှိမှာ တွေးကြောက်မနေဘဲ လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲရှိတယ်လို့ ကုန်သည်/စက်မှုအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့်က ပြောပါတယ်။
မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာက အထင်လွဲပြီး လုပ်ကိုင်တာတွေ မဖြစ်အောင် အစိုးရက လုပ်ကိုင်နေပေမယ့် ပြည်တွင်းနဲ့ ပြည်ပက အရပ်ဖက် အဖွဲ့အစည်းတချို့က ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ လုပ်ကိုင်ဖို့ နိုင်ငံတကာကို ဖိအားပေးတိုက်တွန်းတာတွေ ရှိနေပါတယ်။
နိုင်ငံတကာက ပစ်မှတ်ထား အရေးယူ ပိတ်ဆို့တယ် ဆိုပေမယ့် အမှန်တကယ် ပစ်မှတ်ထားသူတွေက ဘာမှမဖြစ်ဘဲ အများစုပြည်သူတွေရဲ့ စီးပွားရေးကိုပဲ ထိခိုက်လိမ့်မယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက သုံးသပ် ပြောပါတယ်။
အစိုးရအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဂျီအက်စ်ပီ အခွင့်အရေး ပြန်ရုပ်သိမ်းနိုင်တဲ့ အခြေအနေတွေအတွက် နိုင်ငံတကာနဲ့ ပြည်တွင်းအလုပ်သမားအဖွဲ့တွေနဲ့ ကြိုတင်ပြင်ဆင် တိုင်ပင်သင့်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီဂျေ)မှာ တရားစွဲခံရအပြီးမှာ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက ခန့်မှန်းနေပါတယ်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုမှာတာဝန်ရှိတယ်ဆိုပြီး မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိကြီး ၄ ဦး အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားပါတယ်။