မူးလာနှင့် တန်ခွန်ကျော်တို့ မြန်မာအိုင်ဒေါပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာ
DVB
·
December 21, 2019
မနေ့ည ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာတော့ နောက်ဆုံး ဆန်ကာတင် ၅ ယောက်ထဲက စောခရစ္စမူးလာနဲ့ Wild Cardနဲ့ ပြန်ရောက်လာသူ တန်ခွန်ကျော်တို့ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက် အိမ်ပြန်သွားခဲ့ရပါတယ်။
ပြိုင်ပွဲရဲ့ နောက်ဆုံး Grand Final အဆင့်ကိုတော့ ပရိတ်သတ်ရဲ့ မဲအများဆုံးရရှိခဲ့ကြတဲ့ ဘင်ဂျမင်ဆုန်း၊ အက်စတာဒေါ့သ်ချင်းဆုန်နဲ့ အေးမြဖြူတို့ သုံးဦး တက်ရောက်သွားခဲ့တာပါ။
ပြီးခဲ့တဲ့ရက်က ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေနဲ့ စိတ်ခွန်အားဖြစ်စေတဲ့ အကျိုးပြုသီချင်းတွေ ယှဉ်ပြိုင်ခဲ့ကြရာမှာတော့ ပြိုင်ပွဲဝင်မူးလာက နာမည်ကြီးရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ မပြိုသည့်မိုးသီချင်းကို စန္ဒရားပညာရှင်ကြီး အန်ဒရူးကောင်းရဲ့ လက်စွမ်းပြကူညီတီးခတ်မှုနဲ့အတူ ဖြေဖျော်သွားခဲ့လို့ ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့ကြပါတယ်။
ဒါ့အပြင် စိတ်ခွန်အားဖြစ်စေသော သီချင်းတွေနဲ့ ယှဉ်ပြိုင်မှုမှာလည်း မူးလာက အဆိုတော် လင်းလင်းရဲ့ သံမဏိလိပ်ပြာသီချင်းနဲ့ ထပ်ပြီးတော့ အစွမ်းပြနိုင်ခဲ့ပေမယ့် ပြိုင်ပွဲကနေ ရှေ့ မဆက်နိုင်တော့ဘဲ နေရောင်အောက်က အသက်ရှူသံများ သီးချင်းကို အဆုံးသတ်သီဆိုပြခဲ့ပြီး နှုတ်ဆက် ထွက်ခွာသွားပါတယ်။
အလားတူ တန်ခွန်ကျော်ကလည်း တပြည်သူမရွှေထား ရုပ်ရှင်သီချင်းနဲ့ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ အကျိုးပြုတေးတွေကို အကောင်းဆုံးသီဆိုသွားနိုင်ခဲ့ပေမယ့် ပြိုင်ပွဲမှာ နောက်ဆုံးဖိုင်နယ်အဆင့်ကို ဆက်မတက်နိုင်ဘဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးတဲ့ ဒီပြိုင်ပွဲရဲ့ နောက်ဆုံး Grand Final ပြိုင်ပွဲကိုတော့ ဒီဇင်ဘာ ၂၈ ရက်ညမှာ ဆက်လက်ကျင်းပမှာ ဖြစ်ပြီး ဘယ်ပြိုင်ပွဲဝင်က Myanmar Idol Season 4 ရဲ့ winner ဖြစ်မလဲဆိုတာ ဆက်လက် စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။