ပလိပ်မြို့တွင် ဆောက်လုပ်ရေးဌာနက မြေယာလျော်ကြေး ကျပ် သိန်း ၂၃၀၀ ကျော် ပေးအပ်
Aung Aung Naing
·
December 20, 2019
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ မြနန္ဒာရပ်ကွက်မှာ လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၉)က ရှေ့တန်းစခန်းအဖြစ်အသုံးပြုခဲတဲ့ မြေဧရိယာ ၁ ဒသမ ၂၈ ဧကအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက မြေယာလျော်ကြေးကျပ် သိန်း ၂၃၀၀ ကျော်ကို မူလပိုင်ရှင်ထံ ပေးအပ်လိုက်ပါတယ်။
ဒီဇင်ဘာလ ၁၈ ရက် ကျင်းပတဲ့ မြေယာလျော်ကြေးပေးအပ်ပွဲကို မူလမြေပိုင်ရှင် ဒေါ်ပုနဲ့ မိသားစုဝင်တွေက တက်ရောက် လက်ခံယူခဲ့ကြပါတယ်။
ကျောက်ဆည်ခရိုင်လမ်းတံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက “ ကျနော်တို့ဌာနအနေနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အတိအကျတော့ မမှတ်မိတော့ဘူး။ လမ်းအထူးအဖွဲ့(၉)ကနေ ရှေ့တန်းစခန်းအဖြစ် အသုံးပြုခဲ့တဲ့မြေဧရိယာတွေရှိခဲ့ပါတယ်။ ၂ ဒသမ ၅၆ ဧကထဲကနေ မြေတဝက်ကို မူလပိုင်ရှင်ဖြစ်တဲ့ ဒေါ်ပုကို ၂၀၀၉ ဇူလိုင်လက ပြန်လည်စွန့်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ မြေတဝက်အတွက် လျော်ကြေးငွေ ၂၃၀,၄၀၀,၀၀၀ ကျပ်ကို ကျနော်တို့ဌာနကနေ လျော်ကြေးငွေအဖြစ်ပေးတာ” လို့ ပြောပါတယ်။
မြေယာလျော်ကြေးရရှိအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လူပုဂ္ဂိုလ်တွေအားလုံးကို ကျေးဇူးတင်ပေမယ့် ဒီမြေနဲ့ပတ်သက်ပြီး ဆက်လက်ဆောင် ရွက်မယ့်လုပ်ငန်းစဉ်တွေကိုလည်း စောင့်ကြည့်သွားမယ်လို့ မြေပိုင်ရှင်ဘက်က ပြောပါတယ်။
မူလပိုင်ရှင်ဒေါ်ပုရဲ့အကျိုးဆောင် ဦးသက်နောင်စိုးက “ကျနော်တို့က နိုင်ငံတော်အတွက် နှစ်ဘက်ညှိနှိုင်းပြီး အခုလိုလက်ခံခဲ့ဖြစ်တာမို့ တကယ်ပဲ နိုင်ငံတော်အတွက် ဟုတ် မဟုတ်ကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်”လို့ မြေ ယာလျော်ကြေးပေးအပ်တဲ့ အခမ်းအနားမှာပြောပါတယ်။
ပလိပ်မြို့ ကွင်းအမှတ် ၂၀(က) ဦးပိုင်းအမှတ် (၂၁/၂၂) က ကျန်မြေဧရိယာ ၂ ဒသမ ၅၆ ဧကပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားဦးစီးဌာန လမ်းအထူးအဖွဲ့ (၉)က နေ အသုံးပြုခဲ့တာကြောင့် ကျောက်ဆည်ခရိုင်လမ်းတံတားဦးစီးဌာနက လျော်ကြေးငွေ ပေးအပ်ခဲ့တာပါ။
လက်ရှိအစိုးရလက်ထက် စဉ့်ကိုင်မြို့နယ်မှာ မြေယာလျော်ကြေး ပေးအပ်ပွဲပြုလုပ်တာ ဒုတိယအကြိမ်ဖြစ်ပြီး သိမ်းဆည်းခံမြေယာတွေနဲ့ပတ်သက်လို့ ဥပဒေလမ်း ညွှန်ချက်မူဝါဒတွေနဲ့အညီ အဂတိကင်းရှင်းစွာနဲ့အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးနေတယ်လို့ စဉ့်ကိုင်မြို့နယ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောပါတယ်။