ကချင်ပြည်နယ်တွင် စည်ပင်လေလံအခွန် နှစ်စဉ် ၁၀ ရာခိုင်နှုန်း ဆက်လက်တိုးမြှင့်ကောက်ခံမည်
DVB
·
December 20, 2019
ကချင်ပြည်နယ်၊ စည်ပင်သာယာဌာနအနေနဲ့ လေလံအခွန်အရပ်ရပ်ကို နှစ်စဉ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံနေရတာဟာ ဒေသဖွံ့ဖြိုးရေး ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက်ဖြစ်ပြီး တိုးမြှင့်ကောက်ခံမှုမရှိပါက ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တိုးပြီး လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ပြောပါတယ်။
ဒီဇင်ဘာ ၁၉ ရက် ကချင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဗန်းမော်မြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်းမေးမြန်းတဲ့ ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ စည်ပင်လေလံခွန်အရပ်ရပ် တိုးမြှင့်ကောက်ခံမှု ပယ်ဖျက်ပေးဖို့ အစီအစဉ်ရှိ မရှိမေးခွန်နဲ့ ပတ်သက်ပြီး ဝန်ကြီးက ပြောဆိုခဲ့တာပါ။
ဝန်ကြီးရဲ့ ဖြေကြားမှုအပေါ် မေးခွန်ရှင်ဖြစ်တဲ့ ကိုယ်စားလှယ်ကတော့ ကျေနပ်မှုမရှိပဲ နှစ်စဉ်စည်ပင်ရဲ့ဝင်ငွေတွေဟာ တစ်သျှူးငှက်ပျောကားကိစ္စ တခုထဲမှာတင် ကျပ်သိန်းပေါင်း သောင်းနဲ့ချီ ရနေတာတွေကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုခံစားနေရတဲ့ ပြည်သူတွေအတွက် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမှုမှာ မဖြစ်သင့်ဘူးလို့ ဦးအောင်သင်းက ပြောပါတယ်။
စည်ပင်သာယာရေးဦးစီးဌာနဟာ အခြားဌာနတွေနဲ့မတူပဲ ကိုယ့်ဘာသာ ငွေရှာဖွေပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေရတာဖြစ်သလို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ အခွန် လေလံတင်ရောင်းချရငွေမှာ အဆိုပါမြို့နယ်ရဲ့ ဘဏ္ဍာရေးနှစ် တနှစ်ပတ်လုံးရရှိငွေရဲ့ ၆၀ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် နှစ်စဉ် ၁၀ ရာခိုင်နှုန်းတိုးမြှင့်မှုကို ပယ်ဖျက်ဖို့ မရှိဘူးလို့လည်း ဝန်ကြီးက လွှတ်တော်အပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနတွေအနေနဲ့ မြို့နယ်အလိုက် အခွန်ရရှိမှုအမြင့်ဆုံးမြို့နယ်တွေထဲမှာ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ ဗန်းမော်မြို့နယ်လို့ ပါဝင်ပါတယ်။
ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနရဲ့ ဝင်ငွေမှာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် တနှစ်ထဲမှာတင် တစ်သျှူးငှက်ပျောကားဖြတ်သန်းမှုတွေကနေ ကျပ်ငွေ ၁ ဘီလီယံ ကျော်ထိ ရရှိထားပါတယ်။
ဟိန်းထက်