သတင်းတုများတားဆီးရန် ရွေးကောက်ပွဲကော်မရှင်နှင့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဆွေးနွေး
DVB
·
December 19, 2019
ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှားတွေ၊ အမုန်းစကားတွေနဲ့ သတင်းအတုအယောင်တွေ ကာကွယ်တားဆီးဖို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ အရှေ့တောင်အာရှဆိုင်ရာ ပြည်သူ့ရေးရာမူဝါဒ ဒါရိုက်တာ ရဖဲလ်ဖရန်ကယ်လို့ တွေ့ဆုံဆွေးနွေးကြပါတယ်။
ဒီဇင်ဘာ ၁၈ ရက် မနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံရာမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထုအသိပညာပေးခြင်းနဲ့ မဲဆန္ဒရှင်အသိပညာပေးခြင်းတို့အတွက် ဖေ့စ်ဘွတ်ခ်မှ ကူညီဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းစဉ်တွေဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲကို ကော်မရှင်အဖွဲ့ဝင်နဲ့ ကော်မရှင်ရုံးက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးတဲ့အကြောင်းအရာအသေးစိတ်နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိသေးပါဘူး။
၂၀၂၀ ရွေးကောက်ပွဲနီး လာတာနဲ့အမျှ ဖေ့စ်ဘွတ်ခ်ကိုအသုံးပြုပြီး နိုင်ငံရေးပါတီအလိုက် မဲဆွယ်စည်းရုံးဖို့အတွက် နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုလာကြတာ များလာနေပါတယ်။
ဖေ့စ်ဘွတ်ခ်ပေါ်ကနေ မဲဆွယ်စည်းရုံးတာတွေကို ရွေးကောက်ပွဲကော်မရှင်အပါအဝင်သ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေအနေနဲ့ ထိန်းချုပ်ဖို့လိုနေပြီလို့ နိုင်ငံရေးပါတီ တချို့နဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဘယ်လပိုင်းမှာ ကျင်းပမယ်ဆိုတာကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။