Home
မြန်မာသတင်း
ICJ အမှုကိစ္စကို ရိုးရိုးသားသား၊ ပြည့်ပြည့်စုံစုံ လျှောက်လဲခဲ့ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
DVB
·
December 19, 2019
ဂမ်ဘီယာနိုင်ငံကစွဲထားတဲ့ အမှုကိစ္စကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ  ရိုးရိုးသားသား၊ ပြည့်ပြည့်စုံစုံတင်ပြခဲ့ပြီး မြန်မာရှေ့နေတွေနဲ့ ဥပဒေအကြံပေးတွေရဲ့ ချေပလျှောက်လဲ ချက်တွေဟာလည်း ဥပဒေကြောင်းအရ အမြင့်မားဆုံးစံနှုန်းတွေနဲ့အညီ ခိုင်ခိုင်မာမာတင်ပြခဲ့တယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး  (ICJ) ကြားနာမှုဆိုင်ရာ အတွေ့အကြုံတွေနဲ့ စပ်လျဉ်းပြီး ဒီဇင်ဘာ ၁၈ ရက်ညက မြန်မာ့အသံကနေ ပြည်သူလူထုကို မိန့်ခွန်းပြောသွားတာပါ။  “တရားရုံးတော်မှာ ကျမတို့ နိုင်ငံတော်ကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့ရခြင်းဟာ ကျမနဲ့ ကျမတို့ ကိုယ်စားလှယ်အဖွဲ့အတွက် အမှန်တကယ်ပဲ ဂုဏ်ယူစရာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အလွန်လေးနက်တဲ့ တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံကနေ ကျမတို့ မြန်မာနိုင်ငံအပေါ် အလွန်ဆိုးရွားတဲ့ လူမျိုး ပြုန်းတီးမှုနဲ့ တရားစွဲဆိုထားခြင်း ဖြစ်ပါတယ်။ ကျမတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ကျမတို့ ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ မျှော်လင့်ချက် တွေနဲ့ ကျမတို့ ပြည်ထောင်စုကြီးရဲ့ အနာဂတ်သာမက နိုင်ငံတကာ အသိုက်အဝန်း ရဲ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျေပွန်ရ မယ့် တာဝန်ဝတ္တရားတွေကို စိတ်တွင်အစဉ် စွဲမြဲလျက် ကျမတို့ မြန်မာကိုယ်စားလှယ် အဖွဲ့အနေနဲ့ တာဝန်တွေကို ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ ပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အန္တိမရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံအတွင်းရှိ အသိုက်အဝန်းတွေ အားလုံးကြားမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတရှိရေးကို မျက်ခြည် ပြတ်မခံဘဲ ရိုးသားဖြောင့်မတ်ခြင်း၊ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာခြင်းတို့ အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ချေပခဲ့ပါတယ်လို့လည်း ပြောပါတယ်။ ICJ တရားရုံးတော်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကြောင့်တင်မဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကာလအတွင်း ရခိုင်ပြည်နယ်မှာရှိနေခဲ့တဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအားနည်းချက်တွေကို လက်တွေ့ကျကျ မျှမျှတတ ကိုင်တွယ်ဖြေရှင်း နိုင်ခဲ့တဲ့ အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးခဲ့ကြတာကြောင့်လည်း ဖြစ်တယ်၊ အတိတ်ကို ပြန်လည်ပြောင်းလဲလို့တော့ မရနိုင်ပေမယ့်  သာယာလှပတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက် လက်ရှိပစ္စုပ္ပန်ကို အကောင်းဆုံးအသုံးချရမယ်လို့လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသွားပါတယ်။ ဂမ်ဘီယာနိုင်ငံ ကိုယ်စားလှယ်တွေဟာ ရခိုင်ပဋိပက္ခတွေကို အစပြု ဖြစ်ပေါ်စေခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အတွင်းက ARSA ရဲ့ တိုက်ခိုက်မှုတွေ အကြောင်းကို ပါရုံကလေးလောက်ပဲ ပြောကြားခဲ့တဲ့အပြင် ရခိုင်ပြည်နယ်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပိုမိုပြီး ခက်ခဲရှုပ်ထွေးစေတဲ့ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့အကြား ဒီကနေ့အထိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြောင်းကို လုံးဝထည့်သွင်းပြောကြားခဲ့တာမျိုး လည်း မရှိခဲ့ပါဘူးလို့ ပြောသွားပါတယ်။ “ဒီလိုမျိုးလက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနိုင်တယ်၊ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးနဲ့စပ်လျဉ်းပြီး နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ သွေဖည်နိုင်တယ်ဆိုတဲ့အချက်ကို အငြင်းမပွားခဲ့ပါ ဘူး။ ဒါပေမယ့်လည်း ဒီလိုချိုးဖောက်မှုတွေကို လူမျိုးပြုန်းတီးမှုနဲ့ လူမျိုးပြုန်းတီး စေဖို့ ရည်ရွယ်ချက်ရှိရှိဆောင်ရွက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ချိုးဖောက်သူ တွေ၊ ကျူးလွန်သူတွေရှိခဲ့ရင် ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်မှာ ဖြစ်သလို ဒီလို အရေးယူရန်ဆန္ဒနဲ့ အရေးယူနိုင်စွမ်းလည်း ကျမတို့အနေနဲ့ အပြည့်အဝရှိနေပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  မြန်မာနိုင်ငံအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်တွင်းတရားစီရင်မှုဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ တရားရေးစနစ်၊ အရပ်ဘက် ဆိုင်ရာ တရားရေးစနစ်တွေကနေ ပြည်သူတွေအားလုံးရဲ့ အခွင့်အရေးတွေကို ဥပဒေကြောင်းအရ ကာကွယ်ပေးသွားဖို့ သန္နိဋ္ဌာန်ချမှတ်ထားတယ်လို့လည်း ဆိုပါတယ်။ ဂမ်ဘီယာနိုင်ငံက တရားရုံးတော်ကို လျှောက်ထားခဲ့တဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေဟာ ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် မလိုလားအပ်တဲ့ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်တာကြောင့်  တရားရုံးတော်အနေနဲ့ ဂမ်ဘီယာက တောင်းဆိုထားတဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေချမှတ်ဖို့ မသင့်ကြောင်းကို မြန်မာရှေ့နေတွေက ချေပ လျှောက်လဲခဲ့ကြတယ်လို့ဆိုပါတယ်။  သူ့အနေနဲ့လည်း တရားရုံးတော်မှာနောက်ဆုံးအပိတ်အဖြစ် ပြောကြားရာမှာ “မတူကွဲပြားမှုတွေကြားကညီညွတ်မှုတည်ဆောက်နိုင်ရေး၊ ပြည်သူ တွေရဲ့ အလားအလာကောင်းတွေ ဖွံ့ဖြိုးတိုးတက်နိုင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဖော်ဆောင်ရာမှာ ကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရေးတို့ကို အထောက်အကူဖြစ်နိုင်စေမယ့် ဆုံးဖြတ်ချက်မျိုးကို တရားစီရင်ရေးဆိုင်ရာ ဉာဏ်ပညာအမြော်အမြင်နဲ့ ဆင်ခြင်တုံတရား ပြည့်ဝစွာထားပြီး တရားသူကြီး တွေအနေနဲ့ ချမှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  မြန်မာနိုင်ငံရဲ့ နောက်ဆုံးလျှောက်လဲချက်အဖြစ် ဂမ်ဘီယာမှ ရုံးတော်သို့တင်သွင်းထားတဲ့ အမှုကိစ္စအား ရုံးတော် စာရင်းမှ ပယ်ဖျက်ပေးဖို့ သို့တည်းမဟုတ် ဂမ်ဘီယာမှတောင်းဆိုသည့် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များအား ပယ်ချပေးဖို့  လျှောက်လဲခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကိုအစီရင်ခံတင်ပြသွားပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ ရုံးတော်ကို တင်ပြခဲ့ချိန်မှာ မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာအနှံ့အပြားမှာရှိနေကြတဲ့ ပြည်သူတွေရဲ့ တစ်ခဲနက်အားပေးထောက်ခံမှု တွေဟာ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေတာကြောင့် နိုင်ငံအတွက် လိုအပ်တဲ့အချိန်၊ အရေးကြီး တဲ့အချိန်မှာ ဝန်းရံအားပေးခဲ့ကြတဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းနဲ့ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးအတူတကွရင်ဆိုင်သွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။  ဂမ်ဘီယာနိုင်ငံက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုသဘောတူညီချက် ဖောက်ဖျက်မှုနဲ့ တရားစွဲထားတဲ့အမှုကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိတက်ရောက် ကြားနာခဲ့ တာဖြစ်ပါတယ်။  ဒီအမှုနဲ့ပတ်သက်ပြီး ICJ တရားရုံးတော်က စီရင်ချက်ကို လာမယ့် ဇန်နဝါရီလအတွင်းမှာ ချမှတ်သွားဖွယ်ရာ ရှိနေတယ်လို့ သိရပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024