အာဆင်နယ်အသင်းနိုင်ပွဲပျောက်နေပြီး ရလဒ်ကောင်းရရန်  ရုန်းကန်နေရ

အာဆင်နယ်အသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရပြီးတော့ နိုင်ပွဲတွေရှာတွေ့ဖို့ ခက်ခဲနေတဲ့အချိန်မှာ အသင်းသားတချို့ဟာလည်း ပြင်ပဖိအားပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။  မန်စီးတီးအသင်းကို ၃ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ကွင်းလယ်လူ မီဆွတ်အို‌ဇေးလ်ဟာ လူစားလဲခံခဲ့ရလို့ ဒေါသတကြီး ကန်ကျောက်တဲ့အမူအရာနဲ့အတူ စည်းပြင်ကို ထွက်ခွာသွားခဲ့ပါတယ်။  ဒီလိုအပြုအမူကြောင့် ပရိသတ်တချို့က ရှုတ်ချနေခဲ့ပြီး အိုဇေးလ်ဟာ အခုပြဿနာမတိုင်ခင် တရုတ်အစိုးရနဲ့လည်း ပြဿနာတက်နေခဲ့တာ ဖြစ်ပါတယ်။ မွတ်စလင်ဘာသာဝင်ဖြစ်တဲ့ အိုဇေးလ်ဟာ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ ဝီဂါမွတ်စလင်‌အရေးနဲ့ ပတ်သက်လို့ သူ့ရဲ့တွစ်တာအကောင့်ကနေ အားပေးထောက်ခံပြီး တရုတ်အစိုးရရဲ့ ဝီဂါတွေအပေါ် ဖိနှိပ်တာတွေကို တခြားမွတ်စလင်တွေအနေနဲ့လည်း နှုတ်ဆိတ်မနေဖို့ ပိုစ့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်အစိုးရက အာဆင်နယ်နဲ့ မန်စီးတီးပွဲစဉ်ကို မထုတ်လွှင့်တော့ဘဲ စပါးနဲ့ ဝုဗ်ပွဲစဉ်ကို အစားထိုးထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်အသင်းအတွက်ပါ ထိခိုက်မှုဖြစ်လာပြီး ကလပ်ဘက်ကလည်း အိုဇေးလ် တဦးတည်းရဲ့ ထင်မြင်ချက်သာဖြစ်တယ်လို့ တရားဝင် ဖြေကြားထားပါတယ်။  ဝီဂါမွတ်စလင်လူမျိုးတွေဟာ တရုတ်နိုင်ငံတွင်းမှာ လူဦးရေ ၁ သန်းနဲ့ ၂ သန်းကြား ရှိနေပြီး တရုတ်အစိုးရက အဲဒီလူမျိုးစုအပေါ်မှာ ဝါဒမှိုင်းတိုက်တာတွေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင်ကလည်း ဝီဂါတွေအပေါ်မှာ သက်ညှာမှုမရှိရဆိုပြီး ပြောကြားထားပြီးတော့ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ထုတ်ရေးသားမှုမလုပ်မီမှာ တရုတ်အာဏာပိုင်‌တွေက ကွန်ပျူတာတွေကို  လာရောက်ပြီး ဖျက်ဆီးသွားခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up