အိုဇေးကို ထုတ်ပယ်ရန် တရုတ်ဘောလုံးပရိသတ်က အာဆင်နယ်အင်္ကျီများ မီးရှို့ပြီး တောင်းဆို

skysports
ဝီဂါမွတ်စလင်တွေအပေါ် တရုတ်နိုင်ငံရဲ့ ဆက်ဆံပုံနဲ့ပတ်သက်လို့ ဝေဖန်ခဲ့တဲ့ အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်ဟာ သတင်းအမှားတွေရဲ့ လှည့်စားခြင်းကို ခံနေရတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ တူရကီအနွယ်ဝင် မွတ်စလင်တဦးဖြစ်တဲ့ အိုဇေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက် ပို့စ်တခုမှာ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ ဝီဂါမွတ်စလင်တွေ ဆက်ဆံခံနေရပုံနဲ့ ဒီဖြစ်ရပ်တွေအပေါ် တခြားမွတ်စလင်တွေက အသံတိတ်နေတယ်လို့ ဝေဖန်ရှုတ်ချခဲ့ပါတယ်။  ဒီလုပ်ရပ်ကို တရုတ်နိုင်ငံက ဘောလုံးပရိသတ်တွေက အကြီးအကျယ် ပေါက်ကွဲခဲ့ကြပြီး အာဆင်နယ်အင်္ကျီတွေကို မီးရှို့ပြခဲ့ကြကာ အိုဇေးကို အသင်းက‌နေ ထုတ်ပယ်ဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေကို တင်းကျပ်တဲ့ အခြေအနေတွေနဲ့ ထိန်းချုပ်ထားတယ်လို့ မကြာခဏ ဝေဖန်ခံနေရပေမယ့် တရုတ်အရာရှိတွေေတော့ ဒါကို ထပ်ကာထပ်ကာ ငြင်းဆန်ထားပါတယ်။ “မစ္စတာအိုဇေးလ််တယောက် ရှင်ကျန်းကို အရင်က လာရောက်ဖူးသလား ဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ ကျနော် ကျိန်းသေပေါက် ပြောနိုင်တာကတော့ သူဟာ သတင်းအမှားတွေ၊ သတင်းအတုအယောင်တွေရဲ့ လှည့်စားခြင်းနဲ့ ကြုံတွေ့နေရတာပါ။ သူ ရှင်ကျန်းကို လာလည်ဖို့ ကျနော်တို့ ကြိုဆိုသွားပါမယ်။ သူ့ဘာသာ အမှား အမှန်ကို ဝေဖန်ပိုင်းခြားတတ်မယ်ဆိုရင် ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားလဲဆိုတာ ခွဲခြားနိုင်မှာပါ” လို့ တရုတ် နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျန်ရှောင်းက ပြောပါတယ်။ အိုဇေးလ်ဟာ ရှင်ကျန်းအရေးနဲ့ပတ်သက်လို့ “ရှင်ကျန်းမှာ အခြေအနေတွေ ဆိုးရွားနေပေမယ့် မွတ်စလင်တွေကတော့ တိတ်ဆိတ်နေဆဲပါ” လို့ ရေးသားခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်က စာသားကြောင့် အိုဇေးလ်ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် အာဆင်နယ်အသင်းဘက်ကတော့ ဒါဟာ ကစားသမားရဲ့ ပုဂ္ဂလိက ခံယူချက်သာ ဖြစ်ပြီး အသင်းအနေနဲ့ကတော့ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေမှာ ဝင်ပါမှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ အိုဇေးလ်ရဲ့ ပြောစကားကြောင့် တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနကလည်း အိုဇေးလ်ရဲ့ အာဆင်နယ်အသင်းနဲ့ မန်စီတီးအသင်းတို့ရဲ့ ပွဲစဉ်ကို မပြသခဲ့ပါဘူးတယ်။  တရုတ်နိုင်ငံဟာ ပရီးမီးယားလိဂ်အတွက် အမြတ်အများဆုံးဈေးကွက်တခု ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွက် ပြသခွင့် ပေါင် ၅၂၅ သန်း ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနဟာ ဟောင်ကောင်ဆန္ဒပြပွဲတွေကို ‌ထောက်ခံခဲ့တဲ့ ဟူစတန်ရာ့ကတ်အသင်း အထွေထွေမန်နေဂျာရဲ့ လုပ်ရပ်ကြောင့် NBA ရဲ့ ရာသီကြိုပွဲစဉ်တွေကို မပြသဘဲ နေခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up