Home
မြန်မာသတင်း
မြန်မာ-ဗီယက်နမ် ဗီဇာကင်းလွတ်ခွင့် ရက်ပေါင်း ၃၀ အထိ တိုးမြှင့် 
DVB
·
December 18, 2019
မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံက သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအတွက် ဗီဇာကင်းလွတ်ခွင့်နဲ့ နေထိုင်မှုကို ၁၄ ရက်မှ ရက် ၃၀ အထိ တိုးမြှင့်ဖို့ သဘောတူညီမှု ရရှိသွားပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုတို့  ဦးဆောင်တက်ရောက်တဲ့ မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံဆွေးနွေးပွဲမှာ သဘောတူညီမှုရခဲ့တာပါ။  ဒီဇင်ဘာ ၁၇ ရက်က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စ၊ စိုက်ပျိုးရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ သစ်တောနှင့် သယံဇာတ၊ ဆောက်လုပ်ရေးနှင့် နည်းပညာကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး၊ ၂၀၂၀ ပြည့်နှစ်မှာ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် ထောက်ခံကူညီရေးနဲ့ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု (၄၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပရေး စတဲ့ကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။  တွေ့ဆုံပွဲအပြီးမှာ လယ်ယာ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာနဲ့ နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်မှု လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၄)နဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို သက်ဆိုင်ရာဝန်ကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင် ဆောင်သူတွေအတွက်  ဗီဇာကင်းလွတ်ခွင့်နဲ့ နေထိုင်မှုကို ၁၄ ရက်မှ ရက် ၃၀ အထိ တိုးမြှင့်တဲ့ သံတမန်စာကို လဲလှယ်ကြပါတယ်။ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းပြေးဆွဲနေပြီး နှစ်နိုင်ငံ ပြည်သူ တသိန်းလောက် အပြန်အလှန် လည်ပတ်ခဲ့ကြတာဖြစ်လို့ ခုလို ဗီဇာကင်းလွတ်ခွင့် တိုးမြှင့်လိုက်တာဟာ နှစ်နိုင်ငံပြည်သူတွေအကြား အပြန်အလှန်ခရီးသွားလာမှု ပိုမိုတိုးလာဖွယ် ရှိနေပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၅ ဘီလီယံခန့်ရောက်ရှိမှာဖြစ်ပြီး  ၂၀၁၀ ပြည့်နှစ်ကထက် ခြောက်ဆခွဲလောက် တိုးတက်လာကြောင်းနဲ့ ဒါဟာ ၂၀၂၀ပြည့်နှစ်မှာ ရောက်ရှိဖို့ မျှော်မှန်းထားတဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ  ၁ ဘီလီယံကို ကောင်းစွာကျော်လွန်ခဲ့ပြီ ဖြစ်တယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ်က ပြောပါတယ်။ ဗီယက်နမ် ကုန်သွယ်ရေးလုပ်ငန်းပေါင်း ၂၂၀ ကျော် မြန်မာ စျေးကွက်အတွင်း လုပ်ကိုင်နေကြပြီး ဗီယက်နမ်ဟာ မြန်မာနိုင်ငံရဲ့  သတ္တမမြောက်အကြီးဆုံးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ ဗီယက်နမ်စီမံကိန်း ၁၈ ခုနရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံနီးပါးရှိပါတယ်။  Viettel ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင်ကုမ္ပဏီတို့ရဲ့ အကျိုးတူလုပ်ငန်းဖြစ်တဲ့ Mytel ကုမ္ပဏီဟာ လက်ရှိ အသုံးပြုသူ ၇ သန်းကျော်နဲ့ မြန်မာနိုင်ငံရဲ့  တတိယမြောက် အကြီးဆုံးမိုဘိုင်းဝန်ဆောင်မှုပေးသူအဖြစ် ရပ်တည်လျက်ရှိနေတယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ်က ပြောသွားပါတယ်။   ဓာတ်ပုံ- သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024