PSV အသင်းနည်းပြ ဘွန်မဲလ်ကို ရာထူးကနေ ထုတ်ပယ်

Photo : AP
PSV အသင်းဟာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားခဲ့အပြီးမှာ အသင်းနည်းပြ မာ့ခ်ဗန်ဘွန်မဲလ်ကို ရာထူးကနေ ဒီဇင်ဘာ ၁၆ ရက်နေ့က ထုတ်ပယ်လိုက်ပါတယ်။ PSV အသင်းဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကစားခဲ့တဲ့ ဖီယင်နုနဲ့ ပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့ပြီး ဒါဟာ အသင်းအတွက် လိဂ် ၈ ပွဲအတွင်း ၄ ပွဲမြောက် ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။ ဘွန်မဲလ်ရဲ့ PSV အသင်းဟာ ယူရိုပါလိဂ်မှာလည်း ရလဒ်တွေ ဆိုးရွားခဲ့ပြီး စပို့တင်း ပေါ်တူဂီအသင်းကို ၄ ဂိုး ဂိုးမရှိ၊ LASK လင့်ဇ်အသင်းကို ၄ ဂိုး ၁ ဂိုး စတဲ့ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ “အသင်းနဲ့ နိမ့်ကျလာမှုဟာ အရမ်းကို ကြီးမားခဲ့ပြီးတော့ ဒီအခြေအနေဟာ PSV အသင်းနဲ့ ထိုက်တန်မှု မရှိပါဘူး” လို့ အသင်းရဲ့ အထွေထွေမန်နေဂျာ တွန်းဂါဘရန်းက သတင်းထုတ်ပြန်ချက် တခုမှာ ပြောပါတယ်။  “PSV ပထမအသင်းရဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာမှုအပြီးမှာ ကျနော်တို့ ဒီလိုမျိုး နာကျင်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ ဖြစ်လာပါတယ်။ ကျနော်တို့ အရာအားလုံးကို ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး” လို့လည်း ဒီထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဘွန်မဲလ်ဟာ နယ်သာလန် လက်ရွေးစင်ဟောင်းတဦး ဖြစ်ပြီးတော့ PSV အသင်းမှာလည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ PSV အသင်းကို ၂၀၁၈ ခုနှစ် ရာသီကနေ စတင်တာဝန်ယူခဲ့ပြီး ပထမရာသီမှာတင် အဂျက်ဇ်အသင်းနဲ့ အပြိုင်ဖြစ်ကာ ဒုတိယနေရာရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီရာသီအစမှာလည်း ဘွန်မဲလ်ရဲ့ အသင်းဟာ ရလဒ်တွေ ကောင်းမွန်ခဲ့ပေမယ့် အဓိက ကစားသမားတွေ ဒဏ်ရာရသွားချိန်မှာတော့ ရလဒ်တွေ ဆိုးရွားသွားခဲ့ပါတယ်။ PSV အသင်းဟာ ဗွန်မဲလ် နေရာကို အစားထိုးမယ့် ယာယီနည်းပြတဦးကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကြေညာသွားမယ်လို့ ယူဆရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up