Homeမြန်မာသတင်း
မူးယစ်ဆေးသုံးအပ်ကောက်ပွဲကျင်းပနိုင်ဟု စစ်ကိုင်းဝန်ကြီးချုပ်ထံ ကောလင်းမြို့ခံတိုင်ကြား
မူးယစ်ဆေးသုံးအပ်ကောက်ပွဲကျင်းပနိုင်ဟု စစ်ကိုင်းဝန်ကြီးချုပ်ထံ ကောလင်းမြို့ခံတိုင်ကြား
Aung Ko Latt
·
December 16, 2019
ကောလင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးတွေပေါများနေတာကို ထိထိရောက်ရောက် တားဆီးပေးနိုင်ဖို့ ဒေသခံအမျိုးသမီးတဦးက မူးယစ်ဆေးသုံးစွဲရာမှာသုံးတဲ့ ဆေးထိုးအပ်တွေကို ပုံးနဲ့ အပြည့်ကောက်ယူပြသပြီး စစ်ကိုင်းတိုင်းအစိုးရကို တိုင်ကြားတောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်၊ တရားရေးနှင့် ကောလင်းမြို့နယ် ပြည်သူလူထုတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကောလင်းမြို့မှာ ကျင်းပရာမှာ တင်ပြတောင်း ဆိုသွားတာပါ။
ဒေသခံဒေါ်မိမိကြီးက "မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် ၆ တန်း၊ ၇ တန်းကလေးတွေကအစ မူးယစ်ဆေးဝါးကိုပွဲလမ်းလို သုံးစွဲနေပါတယ်။ မူးယစ်ဆေးသုံးရှော့ခ်ဖြစ် သေတဲ့သူတွေအများကြီးပါ။ ကျမတို့ဒေသမှာ နေ့ရောညရော မူးယစ်ဆေးဝါး နံပါတ်ဖိုးတွေ နင်းကန်သုံးပြီး သွေးစသွေးနတွေနဲ့၊ မယုံရင်လည်း ဝန်ကြီးများအဖွဲ့ လိုက်ပြီး အပ်ကောက်ပွဲ ကျင်းပနိုင်ပါတယ်။ နောင်လာနောက်သား တွေအတွက်စိုးရိမ်ကြပေမယ့် ဘယ်သူမှပြောမယ့်သူမရှိဘူး။ ဒါလည်း လူမျိုးသုဉ်း သတ်ဖြတ်တဲ့အထဲမှာ ပါဝင်ပါတယ်" လို့ မှတ်တမ်းဓာတ်ပုံတွေ၊ ဆေးထိုးအပ်တွေနဲ့တကွ မေးမြန်းခဲ့တာပါ။
ဒါ့အပြင် တွေ့ဆုံပွဲတက်ရောက်တဲ့ ကလေးငယ်တဦးကလည်း ကောလင်းမြို့မှာ ကလေးလေးတွေအထိ မူးယစ်ဆေးစွဲနေတာကိုလည်း ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနတွေကို မေးမြန်းကြိမ်းမောင်းပြောဆိုသွားခဲ့ပါတယ်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးသန်းထွန်းအောင်ကတော့ "တာဝန်ရှိတဲ့သူတွေ အလုပ်မလုပ်ရင် အစိုးရအဖွဲ့ကို တင်ပေးပါ။ ကျနော်တို့ အနေနဲ့လည်း ဒီကိုရောက်မှ သိရတဲ့အနေအထားဖြစ်တယ်။ ဒီလိုပြောတာက ပြောတဲ့သူအတွက်လည်း အသက်အန္တရာယ်ရှိတယ်။ ဒီသတင်းတွေသာ ကျနော်တို့ဆီရောက်ရင် တခြားအဖွဲ့ကို ဆင်းစစ်ခိုင်းတယ်။ တွေ့ရင် ဒီကလူတွေကို အရေးယူမှာဖြစ်တယ်။ ဒီကိစ္စကိုလည်း စစ်ဆေးပြီး မှန်တယ်ဆိုရင် တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူဆောင်ရွက်သွားမှာပါ။"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကောလင်းမြို့က လူထုတွေ့ဆုံပွဲမှာ မူးယစ်ဆေးကိစ္စအပြင် ပြည်သူ ၂၀ ကျော်က ဒေသဖွံ့ဖြိုးရေး၊ တရားစီရင်ရေး၊ လယ်ယာမြေကိစ္စတွေကို တင်ပြမေးမြန်းခဲ့ကြပါသေးတယ်။