ဒေသတွင်း လေတပ်များနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်မှန်းဟုကာကွယ်ရေးဦးစီးချုပ်ပြော
DVB
·
December 16, 2019
မြန်မာ့တပ်မတော်လေမှာ တိုက်ခိုက်ရေးလေယာဉ် ၁၀ စင်း အင်အားထပ်ဖြည့်လိုက်ပြီး ဒေသတွင်း လေတပ်တွေနဲ့ ရင်ပေါင်တန်းနိုင်အောင် ထိရောက်တဲ့ လေကြောင်းစွမ်းအားပိုင် လေတပ်ဖြစ်ဖို့ ရည်မှန်းတည်ဆောက်သွားရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
မိတ္ထီလာတပ်နယ် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ မနေ့ကကျင်းပတဲ့ JF-17 B ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ Yak-130 အပေါ့စားတိုက်လေယာဉ် ၆ စင်းနဲ့ MI-35 P တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး တပ်တော်ဝင်အခမ်းအနားမှာ ပြောခဲ့တာပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို လေယာဉ်၊ ရဟတ်ယာဉ်တွေ ဖြည့်ဆည်းပေးတာဟာ တပ်မတော်(လေ)က အရာရှိ၊ စစ်သည်တွေရဲ့ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သလို တပ်မတော်အတွက် တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမယ်လို့ ပြောပါတယ်။
မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင်ငံတွေနည်းတူ နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ် စောင့်ရှောက်နိုင်ဖို့ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီ မျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်နေတယ်လို့လည်း တပ်မတော်အကြီးအကဲက ပြောပါတယ်။
တပ်မတော်(လေ)မှာ ပထမဆုံး အသုံးပြုခဲ့တဲ့ Tiger Moth လေယာဉ် အမျိုးအစားကစပြီး အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ တိုက်ခိုက်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ စတဲ့ ခေတ်မီ မျိုးဆက်သစ်လေယာဉ်၊ ရဟတ်ယာဉ် အများကြီးကို ဝယ်ယူဖြည့်တင်းပေးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်ရှာနေတာထက် အတိတ်အပေါ် သင်ခန်းစာဖော်ထုတ်ပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားကြရမယ့်အချိန် ရောက်နေပြီလို့လည်း ဗိုလ်ချုပ်မှူးကြီးက အသိပေး ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်ဟာ လေတပ်မတော်ရဲ့ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်တွေက ငှက် ၇၂ ကောင်ကို ဘေးမဲ့ လွှတ်ပေးကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။