တိုက်ကြီး၌ တောဆင်ရိုင်းများ ဝင်ဖျက်သဖြင့် သီးနှံစိုက်ခင်း ဧက ၅၀ ကျော်ပျက်စီး

တိုက်ကြီးမြို့နယ်၊ ချင်းကုန်းနဲ့ သနပ်ချောင်းကျေးအုပ်စုထဲက ကျေးရွာတွေမှာ စပါး၊ ကြံ၊ နှမ်းနဲ့ ကလောခင်းတွေကို တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီး စားသောက်နေတာကြောင့် သီးနှံစိုက်ဧက ၅၀ ကျော် ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ တောဆင်ရိုင်းတွေဟာ တကောင်ကနေ ငါးကောင်လောက်အထိ လွန်ခဲ့တဲ့လကစလို့ နေ့တိုင်းဝင်နေတာဖြစ်လို့ အခုလို ပျက်စီးဆုံးရှုံးတာလို့ ကြံတောင်သူ ဦးခင်ဇော်က ပြောပါတယ်။ “ဆင်ဝင်တာဆို တလနီးပါးရှိပြီ။ ညနေ ၄ နာရီနောက်ပိုင်းဆို ဝင်လာပြီး စားသောက်တော့တာပဲ။ ရွာသားတွေ ဝိုင်းမောင်းလည်း ခဏပဲ ပြန်ထွက်သွားတယ်။ ကြံ၊ စပါး၊ နှမ်းခင်းနဲ့ ကလောစိုက်ခင်းဧက ၅၀ ကျော် ပျက်စီးဆုံးရှုံးသွားတယ်။” တောင်သူဦးဝင်းထိုက်က “ညဘက်တွေမှာ ကိုယ့်စိုက်ခင်းတွေထဲကို ဆင်တွေဝင်မှာစိုးလို့ ကင်းစောင့်နေရတယ်။ ကင်းစောင့်တာလည်း တယောက်တည်း မစောင့်ရဲလို့ လူ ၂၀ ကျော် ၃၀ နီးပါး သွားစောင့်ပြီး ဆင်တွေဝင်လာရင် ပေ ၁၀၀ အကွာလောက်က ခြောက်လှန့်မောင်းထုတ်ရတယ်။ စပါးတွေက ရာသီဥတု ဖောက်ပြန်လို့ အထွက်နှုန်း လျော့သလို စျေးကလည်း မရှိဘူး။ ဒါ့အပြင် ဆင်တွေ ဝင်ပြီးစားသောက် ဖျက်ဆီးလို့ ကျနော့်လယ် ၅ ဧကမှာ မျိုးစပါးတောင် ပြန်မရတော့ဘူး”လို့ ပြောပါတယ်။ တိုက်ကြီးမြို့နယ်အတွင်းက ချင်းကုန်းကျေးရွာအုပ်စု၊ သနပ်ချောင်းကျေးရွာအုပ်စု၊ ဖလုံဘူတာကျေးရွာအုပ်စုနဲ့ ဆင်စခန်းကျေးရွာတွေမှာ တောဆင်အများအပြား ဝင်ရောက်နေပြီး စိုက်ခင်းတွေ၊ တောင်ယာတဲတွေနဲ့ ကျေးရွာတွေကို ညအချိန် ဝင်ရောက်ဖျက်ဆီး စားသောက်နေကြတာပါ။ တောဆင်ရိုင်းတွေကို မြန်မာ့သစ်ထုတ်လုပ်ရေး လက်အောက်ရှိ မြိုင်ဟေဝန်ဆင်စခန်းမှာ ဆင်ဦးစီးမှူးက လူနဲ့အပြင် ကွန်ဂျီဆင်တွေနေနဲ့ပါ မောင်းပေးနေပေမယ့် ပြန်လည်ရောက်ရှိလာတယ်လို့ ရွာသားတွေက ဆိုပါတယ်။ “ကျနော်တို့ ဆင်တွေနဲ့ကြုံနေရတာ ၁၀ နှစ်လောက်ရှိပြီ။ အရင်က တောဆင်ရိုင်းတွေဆို ခြောက်လှန့် မောင်းထုက်တာနဲ့ ထွက်ပြေးသွားတယ်။ အခုဝင်တဲ့ဆင်တွေက ဆင်ယဉ်တွေဖြစ်ပြီး ခြောက်မောင်းလို့လည်း မသွားဘူး။ ထွန်စက်တွေ မီးတုတ်တွေနဲ့ ရွာသားတွေ စုမောင်းတာတောင် မထွက်ဘဲ လူတွေကို အန္တရာယ်ပေးချင်တယ်။ အရင်နှစ်တွေထက် ဒီနှစ်ဆင်တွေက ပိုဆိုးလာတယ်” လို့ ပြောပါတယ်။ မေသွယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up