အိန္ဒိယ-မြန်မာ လမ်းဖောက်မှု မြေယာလျော်ကြေး သိန်း ၁ သောင်းခွဲခန့် ပေးအပ်
Aung Ko Latt
·
December 15, 2019
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသအတွင်း မုံရွာ-ယာကြီး-ကလေးဝလမ်း (အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း)ဖောက်ရာမှာ မြေယာဆုံးရှုံးတဲ့ တောင်သူတွေကို မြေယာလျော်ကြေးပေးအပ်ပွဲ ဒီဇင်ဘာ ၁၄ ရက်နေ့က ကြာပင်ကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။
လမ်းတလျှောက် မင်းကင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၃ စုမှ တောင်သူ ၂၅၈ ဦးကို နိုင်ငံတော်က ထောက်ပံ့ကြေးငွေကျပ် သိန်းပေါင်း ၁၄၅၆၀ ကျော်ကို ပေးအပ်ခဲ့တာပါ။
ဒီပေးအပ်ပွဲကို ဝန်ကြီးချုပ် ဦးဆောင်တဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်တွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးကျော်လင်းတို့ တက်ရောက်ပေးအပ်ခဲ့တာပါ။
ချစ်ကြည်ရေးလမ်းက အကျယ် ပေ ၂၃၀ ရှိကာ မင်းကင်းမြို့နယ်အတွင်း ၇၅ မိုင်ကျော် ရှိပါတယ်။ နိုင်လွန်ကတ္တရာ နှစ်လမ်းသွား လမ်းအဆင့်မြှင့်တင်တဲ့ လုပ်ငန်းကို ၂၀၁၈ ခုနှစ်၊ မေလကတည်းက အိန္ဒိယနိုင်ငံရဲ့ Grand Aid သန်း ၂၅၀ အကူအညီနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကုန်မှာ အပြီးဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။
လမ်းတလျှောက်မှာ မြေယာဆုံးရှုံးသွားတဲ့ ကနီးမြို့နယ်၊ ကလေးဝမြို့နယ်က တောင်သူတွေကိုလည်း ၂၀၁၈ ခုနှစ်အတွင်းက ပေးအပ်ခဲ့ပြီးဖြစ်ကာ စုစုပေါင်း ငွေကျပ်သန်းပေါင်း ၂ ထောင်ဝန်းကျင်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။
“ဒီလမ်းကို အဓိက သုံးနိုင်ငံ ကုန်သွယ်ရေးလမ်းမကြီးဆိုပြီး အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ သဘောတူထားတဲ့ Triper Type Highway ဆိုပြီး ရည်ရွယ်တာပါ။ သူတို့နိုင်ငံက ကားတွေကို ဖြတ်သန်းခွင့်ပေးမယ့် အစီအစဉ် အချက် ၂၀ ပါတဲ့ မူကြမ်း ရေးထားပြီးပြီ။ Cross Border Transport Agreement ရှိတယ်။ ဒီလမ်းပြီးသွားရင် လမ်းတလျှောက်ကလည်း အလိုလို တိုးတက်လာမယ်။ လက်ရှိ လမ်းအဆင့်မြှင့်တင်ဆဲ ကာလတောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရနေပြီ။ ဒီလမ်းကို အမှီပြုပြီး ဘာတွေ ဘယ်လို တိုးတက်အောင် လုပ်နိုင်မလဲဆိုတာကို အခုကတည်းက တွေးထားဖို့လိုပါပြီ" လို့ ပြည်ထောင်စု ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။
ဒါ့အပြင် ဒီလမ်းကို အမှီပြုကာ တောင်တွင်းဒေသက မြို့မကျေးရွာကို လမ်းဆုံထားကာ မြို့မကျေးရွာကတဆင့် မင်းကင်းလမ်း၊ ပုံတောင်ပုံညာကို ဖြတ်ကာ ဟားခါးလမ်းတွေကိုလည်း ဥမင်လိုဏ်ခေါင်းဖောက်ပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လမ်းအဆင့်မြှင့်ရာမှာ မြေယာဆုံးရှုံးသွားတဲ့ တောင်သူတွေအတွက် မြေယာလျော်တွေ ပေးအပ်ရာမှာတော့ ရတဲ့သူရပြီး မရတဲ့သူတွေရှိတဲ့အပေါ်မှာလည်း မကျေနပ်တာတွေ ရှိပါတယ်။
မြေယာလျော်ကြေးကိုတော့ လမ်းနယ်အတွင်းပါတဲ့ မြေအတွက် မပေးဘဲ လမ်းဖြောင့်အသစ်ဖောက်ရာမှာ ပါသွားတဲ့ မြေယာတွေကိုသာ ပေးလျော်ခဲ့တာလို့ သိရပါတယ်။