တံတားဦးလေဆိပ်ကားပါကင်၌ ကားခိုးသွားသူ ၂ ဦးကို ဖမ်းမိ
DVB
·
December 15, 2019
မန္တလေးတိုင်း တံတားဦးမြို့နယ် လေဆိပ်ကားပါကင်မှာ ရပ်ထားတဲ့ ကားတစီးအား ခိုးယူသွားသူတွေကို ဖမ်းဆီးမိပြီလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၁၃ ရက် ညနေ ၅ နာရီကျော်လောက်က တံတားဦးမြို့နယ်၊ မန္တလေး လေဆိပ်အတွင်းဖွင့်လှစ်ထားတဲ့ "888" လက်ဆောင်ပစ္စည်းဆိုင်၊ မန်နေဂျာ ဦးစိုးသူရနောင်ရဲ့ YGN 6D/×××× Mark II ယာဉ်အား လေဆိပ်ကားပါကင်မှာ ရပ်နားထားစဉ် ပျောက်ဆုံးသွားလို့ မန္တလေး၊ လေကြောင်းရဲတပ်ဖွဲ့ခွဲကို တိုင်ကြားထားတာပါ။
ကားပျောက်ဆုံးမှုကို ကျောက်ဆည် ခရိုင်ရဲတပ်ဖွဲ့နဲ့ စကားအင်းအမြန်လမ်းမကြီးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပိတ်ဆို့စုံစမ်းရှာဖွေရာ ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီခွဲလောက် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပျော်ဘွယ်မြို့၊ မြို့ဝင်မောင်းတံဂိတ်မှာ ပျော်ဘွယ် မြို့မရဲစခန်းမှူးဦး စီးတဲ့ ပူးပေါင်းအဖွဲ့က ဇာနည်အောင်အပါအဝင် ၂ ဦး (ကျား ၁၊ မ ၁) တို့အား အဆိုပါယာဉ်နဲ့ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇာနည်အောင်ပါ ၂ ဦး (ဖမ်းမိ)အား တံတားဦးလေဆိပ်နယ်မြေရဲစခန်းက (ပ)၅၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ခိုးမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။