Home
မြန်မာသတင်း
ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် လျှောက်လဲချက်အပြည့်အစုံ
DVB
·
December 14, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ  မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ နယ်သာလန်နိုင်ငံ  သည်ဟိတ်ဂ်မြို့ရှိ တရားရုံးမှာ ဒုတိယအကြိမ် နှုတ်နဲ့ လျှောက်လဲချက် ပေးသွားပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြောကြားချက် အပြည့်အစုံကို နိုင်ငံတော်အတိုင်ပင်ခံရုံးက ဘာသာပြန် ထုတ်ပြန်ထားတာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။  သည်ဟိတ်ဂ်မြို့၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် သဘာပတိကြီးနဲ့ တရားသူကြီးများရှင့်- မြန်မာနိုင်ငံမှာ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်ရှိတာဟာ အငြင်းပွားနေစရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့မှာလည်း အလားတူ တရားစီရင်ရေးစနစ်များ ရှိကြတာပါပဲ။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံတဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ရှင်သန်ထွန်းကားဖို့ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေခံဥပဒေကို လျစ်လျူရှုဖို့ မကြိုးစားသင့်သလို လျစ်လျူရှုထားလို့လည်း မရပါဘူး။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွေမှာတောင် ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ရုံးတင်စစ်ဆေးစီရင်ဖို့ အချိန် (၄) နှစ်ကနေ (၈) နှစ်အထိ၊ တစ်ခါတလေ ဒီထက်တောင် ကြာတတ်ပါတယ်။ ARSA ကို တုံ့ပြန်တဲ့ လက်နက်ကိုင် ပဋိပက္ခအခြေအနေတွေ ဖြစ်ပွားခဲ့ပြီး (၂) နှစ်ကျော် အချိန်အတွင်းမှာ ဒုတိယ စစ်ခုံရုံးဖွဲ့ စုံစမ်းမှုများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံအနေနဲ့ အင်းဒင်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာ တရားစီရင် မှန်ကန်မှုအပေါ် ဝေဖန်ခြင်းမပြုဘဲ လွတ်ငြိမ်ချမ်းသာခွင့်ပေးခဲ့ခြင်းအပေါ်မှာသာ ဝေဖန်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အများ စိတ်မသက်မသာဖြစ်ရပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင် စစ်ခုံရုံးလုပ်ငန်းစဉ်ကို ပြီးတဲ့အထိ ဆောင်ရွက်ခွင့်ပေးဖို့ လိုပါတယ်။ အလားတူပါပဲ မကြာမီ ရက်သတ္တပတ်အတွင်း ထုတ်ပြန်ဖို့ရှိတဲ့ ICOE ရဲ့ အစီရင်ခံစာ တင်သွင်းပြီးလျှင်လည်း နောက်ထပ် စစ်ခုံရုံးများ ရှိလာနိုင်ပါတယ်။ သဘာပတိကြီးရှင့်- မြန်မာနိုင်ငံရဲ့ မျက်မှောက်ကာလနဲ့ အနာဂတ်အရေးအတွက် အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်များဟာ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်။ စစ်ဘက်ဆိုင်ရာ တရားစီရင်ရးစနစ်တစ်ခု ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ အဲဒီတရားစီရင်ရေးစံနစ်အပေါ် ပြင်ပစွက်ဖက် တရားစီရင်မှုက လွှမ်းမိုးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်လိုက်သလို ဖြစ်သွားပါမယ်။ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး ဆိုတာဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်နှင့်အညီ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ထိန်းသိမ်းနိုင်ရန်နဲ့ တာဝန်တ္တရားများကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်တဲ့ အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ သဘာပတိကြီးနဲ့၊ တရားသူကြီးများရှင့်- မနေ့က မိမိ ပြောကြားခဲ့သလိုပဲ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးစနစ်ဟာ မိမိတို့ရဲ့ ဘုံတန်ဖိုးထားမှုများနဲ့ ပြည်သူအားလုံးရဲ့ အခွင့်အရေးများနဲ့ လုံခြုံမှုအတွက် အာမခံတဲ့ သဟဇာတရှိမှုနဲ့ ပြန်လည်သင့်မြတ်စေမှုများအတွက် ရှေ့ဆောင်အဖြစ် သတ်မှတ်ထားကြပါတယ်၊ ဒါ့ကြောင့် အသိုက်အဝန်းများအကြား ပိုမိုသင့်မြတ်လာကြစေရန် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မိမိတို့လက်တွေ့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တစ်ခုကို ဥပမာပေးပြောကြားလိုပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက တောင်အာဖရိကနိုင်ငံက အသွင်ကူးပြောင်းမှု တရားမျှတရေးဆိုင်ရာ ခေါင်းဆောင်တစ်ဉီးဖြစ်သူ မစ္စတာရော့ဖ်မေရာ ကမကထပြုပြီး “In Transformation Initiative- ITI” အစီအစဉ်အောက်ကနေ ရခိုင်ပြည်နယ် အသွင်ကူးပြောင်းရေး စီမံကိန်းတစ်ရပ်ကို စတင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံကိန်းဟာ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာသူများ ၎င်းတို့ဆန္ဒအလျောက် အဆက်မပြတ် နေရပ်ပြန်လာစေရေးအတွက် လမ်းဖွင့်ပေးရန်နဲ့ သမိုင်းကြောင်းအရ ရှိနေခဲ့တဲ့ အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ကာကွယ်သွားရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မစ္စတာမေရာရဲ့ စကားကို ကိုးကားပြောရမယ်ဆိုရင် ‘’စီမံကိန်းစတင်ခဲ့ပြီး ၉ လအကြာ တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်ကြားက မောင်တောမှာ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေဟာ လုံလောက်တဲ့ အရှိန်အဟုန်ရှိလာနေပြီး ရေရှည်ဆောင်ရွက် သွားနိုင်မယ့် အနေအထား ရှိနေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ သဘာပတိကြီးရှင့်- ဂမ်ဘီယာနိုင်ငံမှ ကိုယ်စားလှယ်၏ အဖွင့်မိန့်ခွန်း အပိုဒ် (၁၈) မှာ ဘောလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ထည့်သွင်းပြောကြားသွားတာကို သတိရတဲ့အတွက် မောင်တောမြို့နယ်၊ မြို့မအားကစား ကွင်းမှာ ITI က ဦးစီးကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲရဲ့ ဓာတ်ပုံလေးတပုံကို ပြသချင်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ကစားသမားများနဲ့ လာရောက်ကြည့်ရှု အားပေးကြသူတွေဟာ ရခိုင်ပြည်နယ်မှာ ၂၀၁၆-၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းပဋိပက္ခဒဏ် ကြုံတွေ့ခဲ့ရတဲ့ မောင်တောမြို့နယ်မှာရှိတဲ့ အသိုက်အဝန်းအသီးသီးကပဲ ဖြစ်ပါတယ်။ လူကြီး၊ လူငယ်အားလုံးဟာ ဂုဏ်ယူ၊ စိတ်အားထက်သန်စွာနဲ့ ပြုံးရွှင်ရယ်မောနေကြပါတယ်။ ပိုအရေးကြီးတဲ့အချက်ကတော့ အားလုံးအတူတကွ ရှိနေကြတာပဲ ဖြစ်ပါတယ်။ ဒါဟာ မိမိတို့အနေနဲ့ ရခိုင်ပြည်နယ်မှာ လေ့ကျင့်ပျိုးထောင် ကြိုးပမ်းနေတဲ့အရာ ဖြစ်တဲ့အပြင် မတူကွဲပြားမှုတွေ၊ အလားအလာကောင်းတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတဲ့ မိမိတို့ မြန်မာနိုင်ငံတဝန်းလုံးမှာလည်း အလားတူ ကြိုးပမ်းဆောင်ရွက်နေတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ သဘာပတိကြီးနဲ့ တရားသူကြီးမင်းရှင့်- မိမိတို့အနေနဲ့ မတူ ကွဲပြားမှုများကြားမှ ညီညွတ်မှုတည်ဆောက်နိုင်ရေး၊ မိမိတို့ပြည်သူများရဲ အလားအလာကောင်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာ မှာစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် အထောက်အကူပြုစေမယ့် ဆုံးဖြတ်ချက်မျိုးကို တရားသူကြီးများအနေနဲ့ တရားစီရင်ရေးဆိုင်ရာ ဉာဏ်ပညာအမြော်အမြင် ပြည့်ဝစွာနဲ့ ချမှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ယုံကြည်မှုတည်ဆောက်ရရှိပြီးစ ထိလွယ်ရှလွယ် အနေအထားရှိနေသေးတဲ့ အသိုက်အဝန်းများအကြားမှာ သံသယစိတ် တိုးပွားစေပြီး မယုံကြည်မှု ဖြစ်ပေါ်စေကာ၊ မကျေနပ်မှုများ ဖန်တီးမည့် ဆောင်ရွက်ချက်များဟာ မိမိတို့ရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားလျော့ချိနဲ့စေမှာ ဖြစ်ပါတယ်။ အခုဆိုရင် AA လက်နက်ကိုင်အဖွဲ့ နဲ့ မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးဟာ မိမိတို့နိုင်ငံအတွက် အရေးအကြီးဆုံး ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆-၂၀၁၇ခုနှစ်က ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခလိုမျိုး ထပ်မံမဖြစ်ပွား စေရေးဟာလည်း အလားတူ အရေးကြီးလှပါတယ်။ သဘာပတိကြီးနှင့် တရားသူကြီးများရှင့်- မြန်မာနိုင်ငံရဲ့ နောက်ဆုံးလျှောက်လဲချက်များကို တင်ပြရင်းနဲ့ နိဂုံးချုပ်ပါ့မယ်။ ရုံးတော်ရဲ့ ဥပဒေ ပုဒ်မ (၆၀) စာပိုဒ် (၂) အရလည်းကောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်မှ (၁၂) အတွင်း တင်သွင်းခဲ့တဲ့ အကြောင်းပြချက်များအရ လည်းကောင်း၊ ရုံးတော်အနေဖြင့် သင့်တော်လျော် ကန်မည်ဟု ယူဆသည့် အခြားအချက်အလက်များအပေါ် အခြေခံ၍လည်းကောင်း ရုံးတော်အား မြန်မာနိုင်ငံအနေဖြင့် မေတ္တာရပ်ခံလိုတာကတော့- - ဂမ်ဘီယာမှ ရုံးတော်သို့တင်သွင်းထားသည့် အမှုကိစ္စအား ရုံးတော်စာရင်းမှ ပယ်ဖျက်ပေးပါရန် ၊ - အခြားနည်းလမ်းတစ်ရပ်အနေနဲ့ ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ်စီမံဆောင် ရွက်ချက် များအား ပယ်ချပေးရန်ဖြစ်ပါတယ်။ သဘာပတိကြီးနှင့် တရားသူကြီးများရှင့်- မြန်မာနိုင်ငံရဲ့ သဘောထားတင်ပြချက်ကို ဒီမှာပဲ နိဂုံးချုပ်ပါတယ်။ ရုံးတော်အနေနဲ့ လည်းကောင်း၊ ရုံးတော်ရဲ့ Registry ဝန်ထမ်းများအနေနဲ့လည်းကောင်း၊ မိမိတို့ ကိုယ်စားလှယ် အဖွဲ့အား ပံ့ပိုးကူညီပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024