မြန်မာလုပ်သားများအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူကို ထိုင်းရဲတပ်ဖွဲ့ ပိုက်စိပ်တိုက်ရှာဖွေ
DVB
·
December 13, 2019
ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရာဘာခြံမြန်မာအလုပ်သမားတွေကို သေနတ်နဲ့ ပစ်ပြီးထွက်ပြေးတိမ်းရှောင်သွားသူကို ထိုင်းရဲတပ်ဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေနေပါတယ်။
ထွက်ပြေးတိမ်းရှောင်နေသူဟာ အသက် ၂၂ နှစ်ရွယ်ရှိ နိုင်းယုတ်ဆဖတ် ခေါ် အုတ်ရုဒ်ခါ ဆိုသူဖြစ်ပြီး သူဟာ ဖန်ငမြို့နယ် နုပ်ပရိန်ရွာရှိ အဘွားဖြစ်သူရဲ့ နေအိမ်မှာ လာရောက်ခိုလှုံကြောင်း သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ ယမန်နေ့ညနေပိုင်းက အဆိုပါနေအိမ်၊ ခြံဝင်းနဲ့ အနီးနားရှိ ရာဘာခြံ၊ ဆီအုန်းပင်တွေကြားထဲမှာပါ ၂ နာရီကြာ ပိုက်စိပ်တိုက်ရှာဖွေခဲ့တာပါ။
ဒါပေမယ့် လူကိုမတွေ့ဘဲ သံပုရာပင်အောက်က ကြိုးလွှဲပုခက်နဲ့ ခြေရာလက်ရာ တွေကိုသာ တွေ့ခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း သားဖြစ်သူမှာ အိမ်ကိုရောက်မ လာကြောင်း ငြင်းဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ သားဖြစ်သူအား ဆက်သွယ်ပြီး လာရောက်အဖမ်းခံအောင် ဖျောင်းဖျပေးဖို့၊ ဒီလိုမှမဟုတ်ဘဲ ရဲကတွေ့ရင် ပစ်ခတ်ဖမ်းဆီးမှုတွေ ရှိနိုင်တယ်လို့ မိသားစုဝင်တွေကို သတိပေးထားပါတယ်။
နိုင်းယုတ်ဆဖတ်မှာ ဖန်ငမြို့နယ် ကရုန်းဆီကျေးရွာရှိ ရာဘာခြံထဲက အလုပ်သမား ၁ ဦးဖြစ်ပြီး လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ မြန်မာလုပ်သားတွေကို မနာလိုဝန်တိုဖြစ်ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က အလုပ်သမားတန်းလျားမှာပဲ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
အဲဒီအကြမ်းဖက်ပစ်ခတ်မှုကြောင့် မြန်မာအလုပ်သမား ၃ ဦး ဒဏ်ရာတွေနဲ့ ဖန်ငနဲ့ ဖူးကက်ဆေးရုံတွေမှာ တက်ရောက်ကုသနေရပါတယ်။
ဒဏ်ရာရ မြန်မာလုပ်သား ၃ ဦးမှာ ဦးလှိုင်ဝင်း နဲ့ ကိုကျော့ ( သားအဖ ) နဲ့ ကိုငယ်တို့ဖြစ်ပြီး အားလုံးဟာ မွန်ပြည်နယ်က ဖြစ်ကြောင်း၊ ဦးလှိုင်ဝင်း နဲ့ ကိုကျော့မှာ ဒဏ်ရာ မပြင်း တဲ့ အတွက် အသက်ဘေးအနန္တရာယ် မပူရပေမယ့် ကိုငယ်မှာ သေနတ်ကျည်ဆန် ပါးစပ်ထဲကနေ ထိုးဖောက်သွားတဲ့အတွက် ဦးနှောက်သွေး ယိုစီးမှုဖြစ်ကာ အခြေအနေမကောင်းဘူးလို့ သွားရောက်ကြည့်ရှုအားပေးခဲ့တဲ့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်း FED မှ ကိုမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါဖြစ်ရပ်ကြောင့် ကရုန်းဆီကျေးရွာထဲက ရာဘာခြံအလုပ်သမားတွေ အလုပ်မဆင်းရဲတော့ဘဲ အချို့မှာ အခြားနေရာတွေဆီ ပြောင်းရွှေ့သွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရာဘာခြံပိုင်ရှင်တွေမှာ အလုပ်သမားပြတ်လပ်မှု အခက်အခဲတွေ ရှိနေသလို အနီးနားရှိ ဈေးဆိုင်၊ စားသောက်ဆိုင်တွေလည်း ရောင်းမကောင်းလို့ သေနတ်သမားကို အမြန်ဆုံးမိအောင် ဖမ်းဆီးပေးဖို့ ရဲတပ်ဖွဲ့ကို တိုက်တွန်းနေကြပါတယ်။
ကိုးကား - ခေါ၀်ဆွတ်သတင်း