DVB Logo
Home
မြန်မာသတင်း
အောင်ပန်းမြို့ ရာပြည့်ပွဲ ကျင်းပမည်
DVB
·
February 6, 2013
အောင်ပန်းမြို့ ရာပြည့်ပွဲ ကျင်းပမည်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း  အောင်ပန်းမြို့ နှစ် ၁၀၀ ပြည့်ပွဲကို စာပေဟောပြောပွဲ၊ တရားပွဲနဲ့ ဂီတဖျော်ဖြေပွဲတွေ အပါအ၀င် စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ မြို့ခံတွေက ပြင်ဆင်နေကြပါတယ်။

မတ် ၂၅ ကနေ ဧပြီ ၁၀ ရက်နေ့အထိ ပွဲတော်ကျင်းပမယ့်နေ့တွေအဖြစ် သတ်မှတ်ထားတယ်လို့ အောင်ပန်းမြို့နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ပွဲတော်ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးမင်းလွင်ဦးက ပြောပါတယ်။

[caption id="attachment_36157" align="alignleft" width="150" caption="(ဓာတ်ပုံ- Yn AB)"][/caption]

“နှစ် ၁၀၀ ပြည့် ကျင်းပရတာက အောင်ပန်းမြို့ကို တည်ထောင်ခဲ့တဲ့ ရှေးလူကြီးတွေကို ဂုဏ်ပြုချင်တာ အဓိက ရည်ရွယ်ချက်ပါ။ အောင်ပန်းမြို့တည်ခဲ့တဲ့ စော်ဘွားတွေရှိတယ်လေ။ နှစ် ၁၀၀ ပြည့်ပွဲကို နောင်လာနောင်သားတွေက ကျနော်တို့ နှစ် ၁၀၀ မှာ ဘယ်လိုလုပ်ခဲ့တဲ့ဆိုတာ သမိုင်းမှတ်တိုင်လေးစိုက်ခဲ့ချင်တဲ့ အထိမ်းအမှတ် သဘောပေါ့။ အောင်ပန်းနှစ် ၁၀၀ ပွဲဖြစ်ဖို့ ဗြုန်းဒိုင်းကြီး အခုမှ ထလုပ်တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၄-၅ နှစ်ကတည်းက အစဉ်တစိုက် ကြိုးကြိုးစားစားလုပ်ခဲ့တာဆိုတော့ ပွဲကြီးလည်း တခမ်းတနားဖြစ်စေချင်တယ်။ အောင်ပန်းသမိုင်းစာအုပ် ထုတ်ခဲ့တာလည်းဖြစ်တော့ အောင်ပန်းသမိုင်းကို ထူးထူးခြားခြားလေး ဖြစ်စေချင်တာပေါ့။”

နှစ် ၁၀၀ ပြည့်ပွဲတော်မှာ နာမည်ကြီး စာရေးဆရာ ၁၀ ဦးကိုလည်း ဖိတ်ကြားဟောပြောစေမှာဖြစ်ပြီး စာပေပြိုင်ပွဲ၊ အားကစားပွဲတွေနဲ့ အိုင်းရင်းခရော့စ် တေးဂီတ၀ိုင်း ဖျော်ဖြေပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်သလို နှစ် ၁၀၀ ပြည့်တဲ့နေ့မှာလည်း သက်ကြီးပူဇော်ပွဲ၊ နာရီစင်ဖွင့်ပွဲ၊ ဓာတ်မှန်ခန်း ဖွင့်ပွဲ၊ ရာပြည့် စာကြည့်တိုက်ဖွင့်ပွဲနဲ့ အ၀ီစိရေတွင်း ဖွင့်ပွဲတွေကိုလည်း လုပ်ဆောင်သွားဖို့ရှိပါတယ်။

အောင်ပန်းမြို့ဟာ ၁၉၁၃ ဧပြီ ၁၇ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၃ ဧပြီ ၁၇ ရက်မှာ နှစ် ၁၀၀ ပြည့်မှာလည်း ဖြစ်ပါတယ်။ ဒီနှစ် ၁၀၀ ပြည့်တဲ့ပွဲကို အောင်ပန်းမြို့မှာ လာရောက်နေထိုင်တဲ့ စာရေးဆရာ ဒဂုန်တာရာလည်း ၀င်ရောက် ဆင်နွှဲမှာပါ။

ဒဂုန်တာရာရဲ့ တူမ မြို့ခံတဦးဖြစ်တဲ့ စာရေးဆရာမ သင်းမြစန္ဒီက အောင်ပန်းမြို့ နှစ် ၁၀၀ ပြည့်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကြုံတောင့်ကြုံခဲမှာ အမှတ်တရအနေနဲ့ ကျင်းပတာဖြစ်တော့ မြို့သူမြို့သားတွေလည်း ပျော်ကြမယ်ထင်တယ်။ မြို့ နှစ် ၁၀၀ ပြည့်လည်းဖြစ်တော့ ဂုဏ်ယူကြမယ်ဆိုရင်လည်း ဂုဏ်ယူလောက်ပါတယ်။ လူငယ်တွေအတွက်လည်း နှစ် ၁၀၀ အတွင်းမှာ ဒီမြို့ကြီးဖြစ်အောင် အရင်တုန်းကလူတွေက သူ့အပိုင်းနဲ့သူ စည်ကားလာအောင် ဆောင်ရွက်ပေးခဲ့တဲ့လူတွေကိုလည်း ကျေးဇူးတင်ထိုက်တယ်လို့ ထင်တယ်။ ဒါကြောင့် ပွဲလုပ်တာလို့ ထင်ပါတယ်။”

စာရေးဆရာမ သင်းမြစန္ဒီရဲ့ ခင်ပွန်း ဦးမြင့်သန်းဟာလည်း အောင်ပန်းနဲ့ပတ်သက်ပြီး မြို့သစ်တမြို့ မွေးဖွားခြင်းအမည်နဲ့ စာအုပ်တအုပ် ထုတ်ဝေခဲ့ပြီး နှစ် ၁၀၀ ပြည့်ပွဲတော် ဖြစ်မြောက်ရေးကို ဖော်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ အောင်ပန်းမြို့ဟာ လမ်းဆုံကျတဲ့ နေရာမှာ တည်ရှိနေတဲ့အတွက် ပို့ဆောင်ဆက်သွယ်ရေး လွယ်ကူပြီး စီးပွားရေးအရ အချက်အချာကျတဲ့မြို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013