တာမွေဈေးသစ်ကိစ္စ ညှိနှိုင်းမပေးပါက ဈေးသည်များ ဆန္ဒပြမည်
ရန်နိုင်ဇော်ဝင်း
·
December 13, 2019
ရန်ကုန်မြို့ရှိ တာမွေဈေးသစ် ပြန်တည်ဆောက်မယ့် ကိစ္စမှာ ဈေးသူဈေးသားတွေရဲ့ တောင်းဆိုချက်တွေကို သက်ဆိုင်ရာက ညှိနှိုင်းမပေးရင် ဆန္ဒထုတ်ဖော်သွားမယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။
ဈေးသူဈေးသားတွေဘက်ကတောင်းဆိုထားတဲ့ အချက် ၈ ချက်ကို အကုန်မဟုတ်ရင်တောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ မဖြေရှင်းပေးရင်နောက်ဆုံးအဆင့်အနေနဲ့ တရားစွဲသွားမယ်လို့လည်း ပြောပါတယ်။
တာမွေဈေးသူ ဈေးသားတွေ တောင်းဆိုထားတဲ့ အချက် ၈ ချက်ထဲမှာ မြေအောက်ခန်းမထားရှိဖို့၊ မြေညီထပ် အမြင့်ကို ပေ ၂၀ ထားပေးဖို့၊ ဈေးရှေ့ မျက်နှာစာနဲ့ ပတ်လည်ဝင်ပေါက်တွေကို အပွင့် ထားရှိဖို့၊ ဈေးအတွင်းလမ်းကို ၈ ပေပတ်လမ်း ထားရှိပေးဖို့၊ သားငါးတန်းတွေအတွက် ဆိုင်ခုံပြုလုပ်ပေးဖို့ စတာတွေပါဝင်ပါတယ်။
တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ကတော့ ဈေးသူဈေးသားတွေရဲ့ တောင်းဆိုချက်တွေကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ တင်ပြသွားမယ်လို့ ပြောပါတယ်။
လက်ရှိ တာမွေယာယီဈေးဟာ ပျက်စီးနေတဲ့အတွက် အသုံးပြုဖို့ မသင့်ဖြစ်နေပြီး ဈေးအတွင်းမှာ ရောင်းချတာထက် အပြင်မှာ ပျံကျရောင်းချနေသူတွေပိုများနေတဲ့အတွက် ၅ ထပ်ပါတဲ့ တာမွေဈေးသစ်ကို အဆင့်မြင့်ဖို့တိုင်းအစိုးရက စီစဉ်နေတာပါ။
ဒါပေမယ့်ဈေးသူဈေးသားတွေကတော့ ဈေးအဆင့်မြင့်လိုက်ရင်သူတို့အရောင်း အဝယ် မကောင်းမှာကို ပူပန်စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
ဈေးသစ်ရဲ့ဒီဇိုင်းဟာ လက်ရှိတာမွေဈေးရဲ့မြေအနေအထားနဲ့ ကားလမ်း အပေါ်မူတည်ပြီး ဗိသုကာပညာရှင်များအသင်းနဲ့ ပူးပေါင်း ရေးဆွဲထားတာဖြစ်လို့ ဈေးသူဈေးသားတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့မဖြစ်နိုင်ဘူးလို့ ရန်ကုန်တိုင်းအစိုးရက ပြောဆိုထားပါတယ်။
လက်ရှိအဆင့်မြှင့်တင်မယ့် တာမွေဈေးဟာ အထပ် ၅ထပ် ရှိပြီး ဒီဈေးမှာ ယာဉ်ရပ်နားရာနေရာနဲ့ စာကြည့်တိုက်တွေအပြင် ကလေးကစားကွင်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။