ကျောက်မဲတွင် တိုက်ပွဲကြောင့် ရွာသား ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
နန်းမြနဒီ
·
December 12, 2019
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်ထဲမှာ တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်စစ်ကြောင်းတွေကြား ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ထိတွေ့ ပစ်ခတ်မှုတွေရှိခဲ့ပြီး ရွာအနီးနားမှာ လက်နက်ကိုင်အဖွဲ့တွေ ရှိနေသေးတာကြောင့် ရွာသားတွေဟာ ကျောက်မဲမြို့ပေါ်နဲ့ နမ့်ဆန်မြို့တွေဘက်ကိုပါ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကျောက်မဲမြို့နယ် တော့ဖယ်၊ ကွန်ကောက် နဲ့ အုံအွီးရွာအနီးတဝိုက်မှာ ပြီးခဲ့တဲ့လက တိုက်ပွဲ ပြင်းထန်ပြီး ရွာသားတွေဟာ ကျောက်မဲမြို့ပေါ် နဲ့ နမ့်ဆန်ဘက်က ကျေးရွာတွေဆီ ထွက်ပြေး သွားကြကြောင်း၊ သူတို့ရောက်သွားတဲ့ ရွာနားမှာလည်း တိုက်ပွဲထပ်ဖြစ်တာကြောင့် နောက်ထပ် ထွက်ပြေးခဲ့ရတယ်လို့ ကျောက်မဲမြို့နယ် တအာင်းအမျိုးသားပါတီရုံးမှ တာဝန်ခံ မိုင်းရန်နိုင်က ဒီဗွီဘီကို ပြောပါတယ်။
“ပြီးခဲ့တဲ့လက သူတို့ရွာဘက်မှာ တပတ်လောက်ကြာအောင် တိုက်ပွဲပြင်းထန်ခဲ့တယ်။ တပ်မတော်က လေယာဉ်တွေနဲ့လည်း တိုက်တယ်။ အဲဒီကတည်းက စထွက်ပြေးနေရတာ၊ ပထမသူတို့က ခုံငင်းရွာဘက်ကို ပြေးတယ်။ ခုံငင်းရွာမှာ အိမ်ခြေနည်းပြီး ရေအခက်အခဲ၊ နေဖို့ထိုင်ဖို့ အခက်အခဲရှိတော့ အဆင်မပြေလို့ နမ့်ဆန်ဘက် ပန်နင်းအုပ်စု ပန်နင်းရွာရယ်၊ ခေးကွဲရွာ၊ ကျောက်တောဘက်ကို ပြောင်းသွားတယ်။ အဲဒီ တုန်းက ပန်နင်းကျေးရွာမှာ ၁၅၀ ကျော်ရှိတယ်။ ထွက်ပြေးတာ၊ ခေးကွဲရွာမှာ ၇၀ - ၈၀၊ ကျောက်တောမှာလည်း လူ ၇၀ - ၈၀ လောက်ရှိတယ်။ နောက်ကျတော့ တိုက်ပွဲက နမ့်ဆန်မြို့နယ် ဟူးနန်းကျေးရွာဘက်ထပ်ရောက်လာတော့ ဟူးနန်းနဲ့ တော့ဖယ်ရွာက စစ်ပြေးရှောင်ပေါင်း ၁၀၀ ကျော်သွားတယ်။”
လောလောဆယ် ပန်နင်း၊ ခေးကွဲရွာဘက်မှာ တပ်မတော်စစ်ကြောင်းတွေ ပြန်ရောက်နေလို့ ရွာသားတွေက မပြန်ရဲသေးဘဲ ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်ရာမှာ အချို့က အိမ်စုပြီး ငှားနေကြ သလို အချို့က အသိမိတ်ဆွေတွေဆီမှာ ခိုလှုံနေကြောင်း၊ ကျောက်မဲမြို့ပေါ် ရပ်ကွက် ၈ ထဲက သန္ဓိသုခဓမ္မာရုံမှာ ၁၀ ရက်နေ့က စစ်ပြေးရှောင်သူ ၄၃ ဦး ရောက်လာတယ်လို့ သူက ဆက်ပြောပါတယ်။
ကျောက်မဲရောက် တိုက်ပွဲရှောင်ရွာသားတွေအတွက် လိုအပ်တဲ့အကူအညီရရှိရေး သူတို့ပါတီ အနေနဲ့ ပြည်တွင်းပြည်ပရောက် ပလောင်တိုင်းရင်းသားတွေထံမှ အလှူငွေတွေ စုဆောင်းပေးနေတယ်လို့ မိုင်းရန်နိုင်က ပြောသွားပါတယ်။
Photo: Mai Yan Naing