Home
မြန်မာသတင်း
လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် တပ်မတော်က တရားစွဲထားသည့် တောင်သူ ၃၀ ကျော်ရှိနေ
နော်နိုရင်း
·
December 12, 2019
69623231_2382219208691335_5914198772937654272_n
ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေအတွင်း မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူ ၃၁ ဦးအထိ တိုးလာသလို အမှုပေါင်း ၆၀ ရှိတယ်လို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။ တရားစွဲဆိုခံရသူတွေထဲမှာ လွိုင်ကော်မြို့နယ်က တောင်သူ ၁၄ ဦးနဲ့ ဒီးမော့ဆိုမြို့နယ်က တောင်သူ ၁၇ ဦးရှိနေပြီး အဲဒီထဲက ၁၂ ဦးမှာ ထောင်တွင်းမှာ တရားရင်ဆိုင်နေရပါတယ်။  ဒီဇင်ဘာ ၁၀ ရက်နေ့  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာပဲ  မြန်မာ့တပ်မတော်က တောင်သူလယ်သမား ၅ ဦးကို ပိုက်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ နဲ့ ဖြင့်ထပ်မံတရားစွဲဆိုခဲ့တာလို့ ခူးတူရယ်က ပြောပါတယ်။  “တရားစွဲဆိုခံရတာ လူဦးရေက ၃၁ ယောက်ရှိပြီ။ သူတို့ရဲ့အဓိက အမှုကတော့ ပုဒ်မ ၆/၁ရယ်၊ ၄၄၇ ရယ်၊ နောက်ထူးဆန်းတာက လွိုင်ကော်မြို့နယ်မှာ ပုဒ်မ ၃၅၃ ရယ်၊ ၄၂၇ ရယ်၊ ၂၉၃ တမှုလည်း ပါနေတယ်ပေါ့။ ဆိုတော့ အားလုံးအမှုစုစုပေါင်းက ၅မှုရှိတာပေါ့။ နောက်စုစုပေါင်း အမှု ၆၀ လို့ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စွဲထားတဲ့အမှု ၅ မှုပေါ်အခြေခံပြီး‌တော့ တယောက်ကို ၂ မှုသုံးမှု လေးမှုလောက် ဝိုင်းပြီးတော့ စွဲကြတဲ့အခါကျတော့ အမှုက များလာတယ်။ ဆင့်ပွားဆင့်ပွားနဲ့ အခု ၆၀ လောက်ဖြစ်သွားတာပေါ့။” တောင်သူတွေကို ကယားပြည်နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ)၂၅၀ နဲ့ အမြောက်တပ်ရင်း၃၆၀ က  တရားစွဲဆိုတာဖြစ်ပြီး တောင်သူတချို့က လယ်မြေလုပ်ပိုင်ခွင့် ပုံစံ (၇) ပိုင်ဆိုင်ထားပါတယ်။  ဒါပေမယ့် အဆိုပါတပ်ရင်းတွေက မြေလွတ်မြေရိုင်းလို့သတ်မှတ်ပြီး လုံခြုံရေးအတွက် သိမ်းယူခဲ့တာလို့ သိရပါတယ်။  လက်ရှိတရားစွဲဆိုခံနေရတဲ့ ဒေါဆိုရှေ့ကျေးရွာက တောင်သူတွေရဲ့ မိသားစုနဲ့ ကလေးတွေမှာ စားဝတ်နေရေးနဲ့ ဘဝလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်နေရတယ်လို့လည်း ခူးတူရယ်က ပြောပါတယ်။  “သူတို့ အများကြီးထိခိုက်သွားတယ်။ သူတို့ရဲ့စားဝတ်နေရေးတွေ၊ ဘဝလုံခြုံမှုတွေ နောက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အများကြီး ထိခိုက်နစ်နာတာရှိတယ်။ နောက်ကလေးတွေရဲ့ ပညာရေးအစ ထိခိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေရဲ့အဖေက ထောင်ထဲမှာ အမေက ထောင်ထဲမှာ ဆိုတော့ ဒီရဲ့အဖြစ်အပျက်ကိုမကြည့်ရက်လို့ စာကျက်ရမယ့်အခြေအနေမှာ ငိုနေရတဲ့အနေအထားမျိုးဖြစ်လာတယ်။ ဆိုတော့ ကလေးတွေရဲ့ပညာရေးမှာ အများကြီး ထိခိုက်လာတယ်။  ” ဒေါဆိုရှေ့ကျေးရွာက တရားစွဲဆိုခံရတဲ့ တောင်သူ ၁၇ ဦးထဲမှာအမျိုးသမီး ၅ ဦးပါဝင်ပြီး အဲဒီထဲမှာမှ မုဆိုးမ ၄ ဦးပါဝင်နေပါတယ်။ ဒီအမှုကိစ္စတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကလည်း တစုံတရာ ဖြေလျှော့ပေးဖို့နဲ့  ပြည်နယ်အစိုးရအနေနဲ့ တစုံတရာ ဝင်ရောက်ညှိနှိုင်းဖြေရှင်းပေးဖို့လည်း တောင်းဆိုသွားပါတယ်။  ကယားပြည်နယ်အတွင်း လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စရပ်တွေမှာ ၂၀၁၇ ခုနှစ်မှာ ၄၁ မှု၊ ၂၀၁၈ ခုနှစ်မှာ ၈၀ မှုနဲ့ ၂၀၁၉ ခု နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ၉၇ မှု ရှိတယ်လို့ ကယားပြည်နယ်လွှတ်တော်၊ တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့ ဆီက  သိရပါတယ်။ ဒါ့အပြင် လက်ရှိ တပ်သိမ်းမြေကိစ္စနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက မြေယာကိစ္စတွေမှာ အစောပိုင်းက တိုင်စာပစ်စာအဖွဲ့ကိုတိုင်ကြားလာတာရှိပြီး အဖွဲ့အနေနဲ့ ညှိနှိုင်းပေးခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024