ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၄ ဦးကို ထောင်ဒဏ် ၆ လ ထပ်မံချမှတ်
ချမ်းမြေ့မောင်
·
December 12, 2019
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၄ ဦးကို မရမ်းကုန်းတရားရုံးက ပုဒ်မ ၆၆ (ဃ)နဲ့ ထောင်ဒဏ် ၆ လ ထပ်မံချမှတ်လိုက်ပါတယ်။
သင်္ကြန်တွင်း သံချပ်ဖျော်ဖြေမှုတွေနဲ့ပတ်သက်ပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၄ ဦးဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နဲ့ မဆုရတနာမြင့်တို့ကို မရမ်းကုန်းတရားရုံးမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က အမိန့်ချမှတ်ခဲ့တာပါ။
သံချပ်အဖွဲ့တွေကို တပ်မတော်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုတာပါ။
လက်ရှိအချိန်မှာ တပ်မတော်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုနဲ့ပတ်သတ်ပြီး ICJ မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းနေရပြီဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန်းကရပ်သင့်ပြီလို့ သံချပ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုပိုင်ရဲသူက တရားရုံးအထွက်မှာ ပြောဆိုသွားပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ကလည်း သံချပ်အဖွဲ့ဝင် ၅ ဦးကို မရမ်းကုန်းတရားရုံးမှာပဲ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပါသေးတယ်။
သံချပ်အဖွဲ့ဝင်တွေဟာ မရမ်းကုန်းနဲ့ ဗိုလ်တထောင်တရားရုံး နှစ်ခုပေါင်းမှာ ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ အမိန့်ချမှတ်ခံခဲ့ရပြီးဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ ဗိုလ်တထောင်တရားရုံးမှာ ပုဒ်မ ၆၆ (ဃ) အမှုကို အမိန့်ချဖို့ ကျန်ရှိပါ သေးတယ်။