ယူကျုဘ်ပေါ် ကြည့်ရှုသူ ၅၁ သန်းကျော်ရှိနေသည့် ဆယ်လ်မန်ခန်း ရုပ်ရှင်သစ်-Dabangg 3 (နမူနာ)

မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဘောလိဝုဒ်စတား သရုပ်ဆောင်မင်းသား ဆယ်လ်မန်ခန်း ခေါင်းဆောင်ပါဝင်တဲ့ Dabangg 3 ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဒီကားကိုတော့ မင်းသား ဆယ်လ်မန်ခန်းက သူ့ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမွဏီ Salman Khan Films ကနေ ရိုက်ကူးတင်ဆက်လိုက်တာဖြစ်ပြီး အိန္ဒိယနာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ Prabhu Deva က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ ပရိသတ် အားပေးလက်ခံမှုတွေ ရရှိခဲ့တဲ့ Dabangg ရုပ်ရှင် Series တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ ပထမဆုံး Dabangg ရုပ်ရှင်ကိုတော့ ၂၀၁၀ ပြည့်နှစ်မှာ ရုံတင်ပြသခဲ့ပြီး ဒုတိယမြောက်ရုပ်ရှင် Dabangg 2 ကိုတော့ ၂၀၁၂ ခုနှစ်မှာ ပြသခဲ့တာမို့ ခုထွက်ရှိလာတဲ့ ရုပ်ရှင်က အချိန် ၇ နှစ်အကြာမှ ထပ်ပြီးထွက်ရှိခဲ့တာပါ။ Dabangg လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက ဆယ်လ်မန်ခန်းကို အမှန်တရားရဲ့ ဘက်တော်သား အကြောက်အလန့်မရှိတဲ့ ထိပ်တန်းရဲစုံထောက်တယောက်အဖြစ် ပြေးမြင်မိကြမှာဖြစ်ပြီး ခုအသစ်ထွက်ရုပ်ရှင်ကားထဲမှာရော အရင်ကားတွေနဲ့မတူ တမူထူး ခြားတဲ့ ဘယ်လို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဆယ်လ်မန်ခန်းနဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Sonakshi Sinha နဲ့ Sudeep တို့ကလည်း အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဇာတ်ဝင်သီချင်းတွေကိုတော့ ဆယ်လ်မန်ခန်းကိုယ်တိုင်ရော၊ တခြားအဆိုတော်တွေပါ သီဆိုထားကြတာဖြစ်ပြီး ဇာတ်ဝင်တေး Soundtrack စုစုပေါင်း ၆ ပုဒ်ထိ ထည့် သွင်းထားတာ ဖြစ်ပါတယ်။ ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅၁ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဟင်ဒီစကားပြောရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up