Home
မြန်မာသတင်း
ICJ တရားရုံးကြားနာပွဲ၌ ဂမ်ဘီယာနိုင်ငံက မြန်မာတပ်မတော်ကို အပြင်းအထန်စွပ်စွဲ 
DVB
·
December 10, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး(အိုင်စီဂျေ)မှာ မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး   ဂမ်ဘီယာနိုင်ငံက ရှေ့နေချုပ်နဲ့ တရားရေးဌာနဝန်ကြီး အဘူဘာကာ အပါအဝင်  ၈ ဦးက ဒီကနေ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ တရားရုံးမှာ တရားသူကြီးတွေ ရှေ့မှောက်ထွက်ဆိုကြပါတယ်။   ဒီလို ထွက်ဆိုကြရာမှာ ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုဖြစ်စဉ်တွေအပြီး  တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုတွေမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တယ်ဆိုပြီး အထောက်အထားတွေနဲ့တကွ အပြင်းအထန် စွပ်စွဲထွက်ဆိုခဲ့ ကြပါတယ်။  တရားရုံးမှာ အရင်ဆုံးထွက်ဆိုသွားခဲ့တဲ့ ဂမ်ဘီယာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အဘူဘာကာ ကတော့ ဂမ်ဘီယာရဲ့ ရှေ့နေအနေနဲ့ မြန်မာကို စွဲချက်တင်မှာဖြစ်တယ်၊ မတရားမှု တွေမှာ လူကောင်းတွေက ဘာမှမလုပ်ရင်တောင်မှ ရင်ဆိုင်ရမယ့် အကြောင်းရှိပါတယ်လို့ ပြောသွား ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံ ခဲ့တဲ့အကြောင်း၊ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုတာ ဘယ်လိုလဲဆိုတာကိုလည်း ပြောဆိုခဲ့ပြီးတော့ ဒီကိစ္စတွေဟာ မြန်မာနဲ့သာ ဆိုင်တာမဟုတ်ဘဲ လူသားအားလုံးနဲ့ ဆိုင်တဲ့အကြောင်း၊  ရိုဟင်ဂျာတွေ ခံစားခဲ့ရတာတွေကို ကမ္ဘာကသိဖို့ ဂမ်ဘီယာက တရားစွဲခဲ့ရတာလို့လည်း ပြောသွားပါတယ်။ ဒီနောက် မက်ဂေးလ်တက္ကသိုလ်က ပါမောက္ခနဲ့နိုင်ငံတကာရှေ့နေ ပယမ်အခါဗန်က ဂမ်ဘီယာ နိုင်ငံဘက်နေ ထွက်ဆိုသွားခဲ့ရာမှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို တရားမဝင်လူမျိုးတွေ၊ အကြမ်းဖက်သမားတွေဆိုပြီး ပြောဆိုနေကြပါတယ်။ အာဆာ ရဲ့လက်နက်နက်ကိုင်တွေနဲ့ သာမန် အရပ်သားတွေကို ခွဲခြားတာတွေ မလုပ်တော့ဘဲ သတ်ဖြတ်မှုတွေလုပ်တယ်။ တပ်မတော်တာဝန်ရှိသူ တွေက စစ်ခုံရုံးမှာ တရားစွဲခံရသင့်တယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နာမည်ကိုပါ ထည့်သွင်းပြောသွားပါတယ်။ ဒါ့အပြင် တပ်မတော်ဟာ ရိုဟင်ဂျာတွေကို လူမျိုးအုပ်စုလိုက်သတ်ဖြတ်မှု၊ စနစ်တကျ သတ်ဖြတ်မှု၊ မိသားစုရှေ့မှာ အိမ်ကိုဖျက်ဆီးမှု၊ မိသားစုလိုက် သတ်ဖြတ်မှု၊ ကလေးသူငယ်တွေကို  မီးလောင်တိုက်သွင်းမှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ပြောဆိုချက်တွေနဲ့ ကုလအချက်အလက်ရှာအဖွဲ့ကို ကိုးကား တင်ပြသွားပါတယ်။  ဒါ့အပြင် တနှစ်ခွဲအရွယ်ကလေးကိုရိုက်လို့ ကလေးငယ်သေသွားတဲ့အကြောင်း၊ ကိုယ်ဝန်သည် တဦးရဲ့ပြောပြချက်အရ မွေးဖွားပြီးကလေးဟာ ဖခင်နဲ့အတူ အသတ်ခံရကြောင်း၊ အမျိုးသမီးတွေ ကိုလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့တယ်လို့  ပါမောက္ခ ပယမ်အခါဗန်က သာဓကဖြစ်စဉ်တွေနဲ့တကွ တရားရုံးမှာ ထွက်ဆိုသွားပါတယ်။  ဒီနောက် မြန်မာနိုင်ငံရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး  အန်ဒရူးလိုဝန်စတိန်းက ဆက်လက်ထွက်ဆိုသွားရာမှာ FFM (အချက်အလက်ရှာဖွေရေးမစ်ရှင်) ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ရေရှည်မူဝါဒတွေအပေါ်မူတည်ပြီး မြန်မာအနေနဲ့ လူမျိုး ပျောက်နိုင်တယ်ဆိုပြီး သတိပေးနေတာတွေ တွေ့ရတယ်။ ဒါကို ဆူနာမီ အမည်းရောင်တွေ ဆိုပြီး တင်စား ခေါ်ကြတယ်လို့ စွပ်စွဲပြောသွားပါတယ်။ “ရိုဟင်ဂျာတွေကို နိုင်ငံထဲကို မသွင်းသင့်ဘူးပေါ့။ ဒါကြောင့် အခြေခံအခွင့်အရေးတွေ ဆုံးရှုံး ခဲ့ရတယ်။ လဝကကလည်း မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မယ်ဆိုပြီး ဖော်ပြထားတယ်။ တပ်ချုပ်ကလည်း အမုန်းတရားတွေကို ဖော်ပြခဲ့တယ်။ အစွန်းရောက် အမျိုးသားရေးဝါဒတွေ ဖြစ်လာဖို့ အစိုးရပိုင်မီဒီယာတွေမှာ ဖော်ပြထားတာတွေလည်း ရှိတယ်။ လူတွေကြားထဲမှာ ရိုဟင်ဂျာ အမုန်းတရားတွေဖြစ်လာဖို့ ခွင့်ပြုထားတယ်”လို့ လိုဝန်စတိန်းက ပြောပါတယ်။ ရသေ့တောင်မြို့နယ် ရွာတရွာကနေ လွတ်မြောက်လာသူတဦးရဲ့ ထွက်ဆိုချက်အရ တပ်မတော်က အိမ်တွေကို မီးလိုက်ရှို့တယ်၊ အမျိုးသမီးတွေကိုလည်း မုဒိမ်းကျင့်သတ်တယ်။ မသတ်ခင် ရင်သားကိုဖြတ်ပြီးတော့ သတ်ဖြတ်ခဲ့တယ်။ ၃၅၈ ယောက်သတ်ခံရပြီး ၁၂၇ ယောက်က ကလေးတွေဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ အလားတူ ဂမ်ဘီယာနို်ငငံဘက်ကနေ တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ပါဆီပါနေဂျားကလည်း   မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၆ သိန်းရဲ့ အခြေအနေကို ဆွေးနွေးသွားပါတယ်။ “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းစေလိုတဲ့စိတ်တွေ ဒီနှစ်ပိုင်းတွေမှာ အားကောင်း လာတယ်လို့ ပြောလို့ရပါတယ်။ နောက်ဆုံး လူမျိုးသုဉ်းမှုမလာခင် တဆင့်ပြီးတဆင့် လုပ်ဆောင်တယ်” လို့ ပြောသွားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာအဖွဲ့အစည်းတွေကို ကန့်သတ်လာတဲ့ပိုင်းတွေရှိကြောင်း၊ ၂၀ ရာခိုင်နှုန်း သော ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ အစုလိုက် အဖွဲ့လိုက် နေနေရကြောင်း၊ ဇွန်လ ၂၀၁၇ ကနေ ၁ သိန်းခွဲလောက်ရှိတဲ့ ရိုဟင်ဂျာတွေဟာ နေထိုင်တဲ့စခန်းမှာ သံဆူးကြိုးတွေနဲ့ ခတ်ခံထားရပြီး သူတို့သွားလာရေး အရမ်းကို ခက်ခဲကြောင်း ပြောသွားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာများ တည်ရှိနေတဲ့နေရာကို နယ်မြေသိမ်းဆည်း မှုတွေ ရှိခဲ့တယ်။ ရိုဟင်ဂျာအုပ်စုတွေကိုလည်း အစားအသောက်မရှိအောင် ဖျက်ဆီးခဲ့တယ်လို့လည်း စွပ်စွဲပြောသွားပါတယ်။  နာမည်ကျော် ရှေ့နေ ပေါလ်ရိုက်ကလာက ထွက်ဆိုသွားရာမှာတော့  မြန်မာအစိုးရဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်တာကို ရာဇဝတ်မှုအဖြစ် အပြစ်ပေးဖို့ ပျက်ကွက်တယ်။ ၂ နှစ်တာကာလ စုံစမ်းမှုတွေကနေ ကြားရပါတယ်။ စာမျက်နှာ ၇၀၀ လောက်ရှိတဲ့ အစီရင်ခံစာမှာလည်း ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ အခြေခံကျတဲ့ အခွင့်အရေးတွေချိုးဖောက်ခံရမှု ကြုံနေရပြီး နောက်ထပ် လူမျိုးသုဉ်းသတ်ဖြတ်မှုကြုံရမယ့် အန္တရာယ်နဲ့ ကြုံနေရတယ်။  မြန်မာအစိုးရက အမြဲငြင်းဆိုပေမယ့် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေက ဆက်ဖြစ်နေတယ်။ ကမ္ဘာမှာလည်း အဲလိုကျူးလွန်ခဲ့တဲ့ နိုင်ငံတွေက ငြင်းဆိုခဲ့တယ်လို့ ပြောသွားပါတယ်။ မြန်မာနိုင်ငံကို စွဲချက်တွေနဲ့ပတ်သက်ပြီး ခုခံချေပမယ့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာလည်း  ဒီဇင်ဘာလ ၁၀ ရက်နေ့က သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးကို ရောက်ရှိလာခဲ့ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ဒီစွပ်စွဲချက်တွေကို မနက်ဖြန်မနက် တရားရုံးမှာ ပြန်လည် တုံ့ပြန် ခုခံချေပမယ်လို့ မျှော်လင့်ရပါတယ်။  ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားရုံးမှာ ဂမ်ဘီယာကိုယ်စားလှယ်တွေက အစဉ်တစိုက် သုံးနှုန်းပြောဆိုသွား ခဲ့ပေမယ့် မြန်မာအစိုးရကတော့ တရားဝင်အသုံးပြုခြင်းမရှိပါဘူး။      
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024