Home
မြန်မာသတင်း
ပလက်ဝတွင် စက်လှေတစီး ဗုံးသီးဖြင့်အပစ်ခံရ၊ ၃ ဦးသေဆုံး
ဝဏ္ဏခွာညို
·
December 10, 2019
78094832_939913719697969_1920796584082145280_n
ချင်ပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တောင်ပြိုကိုပြေးဆွဲနေတဲ့ စက်လှေတစီး ဗုံးသီးနဲ့ အပစ်ခံရတာကြောင့် စက်လှေပေါ်ပါလာတဲ့ ၁၈ ယောက်ထဲမှ ၃ ယောက် သေဆုံးသွားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ဒီဗွီဘီကိုပြောပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်က ပလက်ဝမြို့ပေါ်ကနေ တောင်ပြိုကို ပြေးဆွဲနေတဲ့ စက်လှေကို နှုန်းဗူး ကျေးရွာအနားအရောက်မှာ ဗုံးသီးတလုံး စက်လှေပေါ်ကျလာတယ်လို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။ “ပလက်ဝနဲ့ တောင်ပြိုပြေးဆွဲနေတဲ့ စက်လှေ၊ မနက် ၈ နာရီလောက်က ထွက်သွားတယ်ဗျ။ ခရီသည်း ၁၈ ယောက်ပါတယ်။ တပ်နဲ့ အေအေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ဘယ်ကပစ်မှန်း မသိတဲ့ ဗုံးသီးက အဲ့ဒီမှာ စက်လှေပေါ်မှာကျတဲ့အတွက် ပေါက်ကွဲပြီးတော့  ၂ ယောက်ဆုံးတယ်။ ဒဏ်ရာရတာ ၆ ရတယ်။ ပလက်ဝဆေးရုံမှာ နောက်တယောက်ဆုံးသွားတယ်။ ဆုံးတာစုစုပေါင်း သုံးယောက်ပါ။” ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေကိုတော့ ပလက်ဝမြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ ဝန်ကြီး ဦးစိုးထက်က ဒီဗွီဘီကိုပြောပါတယ်။ သေဆုံးသွားတဲ့ သုံးယောက်ထဲက နှစ်ယောက်မှာ ကျောက်တော်မြို့နယ်ဘက်က သားအဖ နှစ်ယောက်ဖြစ်တယ်လို့သိရပြီး ကျန်တဲ့ သေဆုံးသွားတဲ့ အမျိုးသမီးတဦးကိုတော့ ဘယ်ဒေသကဆိုတာ မသိရသေးပါဘူး။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲကြားမှာ ပစ်ခတ်ခံရပြီး သေဆုံးသူတွေတွေနဲ့ စစ်ကြောရေးကာလမှာ သေဆုံးသူ အရပ်သား ၁၀၀ ဝန်းကျင်နဲ့ ဒဏ်ရာရရှိသူ ၂၃၀ ကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ပြောဆိုပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ တပ်မတော်နဲ့ အေအေဖက်ကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးအတွက် တိုက်ပွဲဖြစ်တာ မဖြစ်တာကိုတော့ မပြောနိုင်သေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024