မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆို ထားတဲ့အမှုကို ဖြေရှင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံအားပေးတဲ့အနေနဲ့ ကော့သောင်းမြို့မှာ ဒီနေ့မနက်က လူထု ထောက်ခံ ဆိုင်းဘုတ်တင်ပွဲ ကျင်းပပါတယ်။
ပွဲစီစဉ်သူ ဦးကျော်သက်နိုင်က “ICJ က တရားစွဲတဲ့ကိစ္စက ကျနော်တို့မြန်မာတနိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်နေတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံက အမေဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ လုံးဝထောက်ခံတယ်ဆိုတဲ့ အကြောင်းကို ကော့သောင်းက ပြည်သူတွေရဲ့ ရင်ထဲကဆန္ဒကို ဖော်ထုတ်တာဖြစ်တယ်”လို့ ပြောပါတယ်။
ဆိုင်းဘုတ်တင်ပွဲကို ပြည်သူလူထု ၁၀၀၀ လောက် တက်ရောက်ခဲ့ပြီး ပိတောက်ရွှေဝါရပ်ကွက် အများပြည်သူ နားနေဆောင်ရှေ့မှာ တက်ရောက်လာသူတွေက နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ဖို့ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်စို့ စတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး စီတန်းရပ်ကာ နိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆို အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်းဆိုင်းဘုတ်တွေကို ကော့သောင်းမြို့ပေါ် ရပ်ကွက်တွေက အများမြင်သာတဲ့နေရာတွေမှာ စိုက်ထူထားကြပါတယ်။
သတင်း- လတ်ကိုကိုဦး