ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့အတွက် အထူးအယူခံကို ဒီဇင်ဘာ ၁၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ ရှေ့နေတွေက လာရောက်လျှောက်ထားခဲ့ကြပါတယ်။
“အမှု ၂ မှု အတွက် ပြစ်မှုထင်ရှား စီရင်ထားတဲ့အတွက် ဒီကိစ္စ ဟာလည်း ဥပဒေ အရ လွှဲမှားတယ်ဆိုတာ ကျနော်တို့ ဒီနေ့ လျှောက်လွှဲချက် တင်ပြခဲ့တာပါ”လို့ ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးခင်နုကလည်း “သက်သေခံချက် CD ခွေပေါ်မှာ မူတည်ပြီး တော့ အပြစ်ပေးထားတာသည် မှန်ကန်မှု ရှိမရှိဆိုတာ တင်ပြခြင်းဖြစ်တယ်။ ဒေါက်တာ အေးမောင်ကို ပြီးခဲ့တဲ့ ၄ ရက် ၅ ရက်က ဒီကို မလာခင်တွေ့ခဲ့တယ်။ ဒေါက်တာ အေးမောင် ကျန်းမာပါတယ်။ တက်တက်ကြွကြွလည်း ရှိပါတယ်။ နောက်ဆုံးအခြေအနေကတော့ ဒီပြင်ဆင်ချက်ကို ခွင့်ပြုပြီးတော့ လွတ်လာမယ်လို့ ယုံကြည်ချက်ရှိတယ်ပေါ့”လို့ ဒီကနေ့ အယူခံတင်သွင်းမှု အပြီး သတင်းမီဒီယာတွေ ကို ဖြေကြားခဲ့ပါတယ်။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ် နှစ် ၂၀ စီနဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ်စီ ကျခံဖို့ စစ်တွေ ခရိုင်တရားရုံးကနေ မတ်လ ၁၉ ရက်နေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
သူတို့ နှစ်ဦးဟာဆိုရင် ဇန်နဝါရီ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ တဲ့ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် စာပေ ဟောပြောပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ ပုဒ်မ ၁၂၂၊ ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲခံခဲ့ရတာပါ။