ဝမ်းတွင်းတွင် စပါးသွားရိတ်သည့် ၇၄ နှစ် အရွယ် အဘိုးအို ၁ ဦး ရေနစ် သေဆုံး
DVB
·
December 10, 2019
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရိုးရွာကျေးရွာမှာ ဒီဇင်ဘာ ၁၀ ရက်မနက်က စပါးသွားရိတ်တဲ့ ၇၄ နှစ်အရွယ် အဘိုးအို ၁ ဦး စပါးခင်းအနီးရှိ ရေကန်ထဲ ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းတာဝန်ကျ ရဲအရာရှိက "ဖြစ်တာက မနေ့ကပါ။ စပါးရိတ်နေရင်း စပါးခင်းနားက ရေကန်ထဲကို တဦးတည်း ရေသွားချိုးတာ ရေနစ်သေဆုံးသွားတယ်။ ဒီမနက်ရောက်တော့ ရေပြင်မှာ အလောင်းပေါ်လာတယ်။ သန္တိသုခလူမှူရေးကားနဲ့ပဲ ဝမ်းတွင်းဆေးရုံ ပို့လိုက်တယ်" လို့ ပြောပါတယ်။
ညောင်ဦးဖီးအုပ်စု ရိုးရွာကျေးရွာနေ အဘိုး ဦးဘိုဟာ အလျားပေ ၄၀၀၊ အနံပေ ၃၀၀ ရေအနက် ၁၀ ပေကျော်ရှိတဲ့ ရေကန်ထဲ ရေဆင်းချိုးရာက ရေနစ်သေဆုံးသွားခဲ့ပါတယ်။
ဒေသခံကိုချိုက "မြစ်ရေတင်စီမံကိန်း ရေမြောင်းဘောင် လုပ်တုန်းက ဘက်ဟိုးနဲ့ မြေတူးယူထားတာတွေက မိုးရွာတော့ ရေတွေပြည့်ပြီး တောင်သူသုံးရေကန်တွေ ဖြစ်ကုန်တယ်။ အဲလိုရေကန်တွေ အများကြီးပဲ၊ ရေမကူးတတ်ဘဲ ရေတိမ်တယ်အထင်နဲ့ ရေဆင်းချိုးတယ်၊ ရေကန်ရဲ့အစမှာ တိမ်တိမ်လေးပေမယ့် စောက်ကနက်နေတယ်၊ အနက်ဘယ်လောက်ရှိတယ်ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကလေးတွေ ထောင်ထားရင် အခုလိုမဖြစ်နိုင်ဘူး" လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့မရဲစခန်းမှာ အဘိုး ဦးဘို သေဆုံးတာဟာ ဓမ္မတာအတိုင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်းအမှတ်စဉ် ၁၂/၂၀၁၉ နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း