Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် အိမ်ထောင်စု ၁၄၀၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေ
DVB
·
December 10, 2019
ကရင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်က အိမ်ထောင်စု ၁၄၀၀၀၀ ကျော်၊ ရာခိုင်နှုန်းအနေနဲ့ ၄၅ ဒသမ ၉၅ ရာခိုင်နှုန်း ဓာတ်အားရရှိပြီးဖြစ်တယ်လို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဒုတိယ အင်ဂျင်နီယာချုပ် ဦးသန်းရွှေက ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှာ ဒီဇင်ဘာ ၉ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တနိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်တဲ့ အထိမ်းအမှတ် အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ အခမ်းအနားကို နိုင်ငံတော်အစီအစဉ်၊ ပြည်ထောင်စုအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေ၊ တတ်နိုင်တဲ့ဝန်နဲ့အားကြိုးမာန်တက် ပေါင်းစပ်ဆောင်ရွက်ခဲ့တာတွေကို ပြည်သူတွေသိရှိစေဖို့နဲ့ ဝန်ထမ်းတွေကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ ရည်ရွယ်ပြုလုပ်တာပါ။ ကရင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးသန်းရွှေက “ဓာတ်အား ကွန်ရက်ကနေ ဓာတ်အားဖြန့်ဖြူးပေးတာရှိသလို ဒီဇယ်ဓာတ်အားပေးစက်နဲ့ ပေးတာလည်း ရှိပါတယ်။ ဓာတ်အားစနစ်ကို အခြားနည်းလမ်းတွေ ပေါင်းလိုက်လို့ရှိရင် ၁၈ မြို့နယ်လုံးက ဓာတ်အားရရှိပြီးဖြစ်တယ်။ အိမ်ထောင်စု ၁၄၀၀၀၀ ကျော်ဓာတ်အားရရှိတဲ့အတွက်ကြောင့် ရာခိုင်နှုန်းအားဖြင့် ၄၅ ဒသမ ၉၅ ရာခိုင်နှုန်း ဓာတ်အားရရှိပြီးဖြစ်တယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်ဟာ ခရိုင် ၃ ခု၊ မြို့နယ် ၇ မြို့နယ်နဲ့ မြို့ ၁၁ မြို့ရှိပြီး ကျေးရွာပေါင်း ၂၀၀၀ ကျော်မှာ အိမ်ထောင်စု ၃ သိန်းကျော်ရှိရာမှာ အိမ်ထောင်စု ၁၄၀၀၀၀ ကျော်ဟာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုရရှိနေပြီး အိမ်ထောင်စု ၁၆၀၀၀၀ ကျော်ဟာ ဓာတ်အားရရှိဖို့အတွက် ကျန်ရှိနေပါသေးတယ်။ မြ၀တီမြို့နဲ့ဘုရားသုံးဆူမြို့ဟေ ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား ၁၃ မဂ္ဂါဝပ်ကို ဝယ်ယူသုံးစွဲနေရပြီး အိမ်သုံးတယူနစ် ၄ ဒသမ ၂ ဘတ်၊ စီးပွားရေးလုပ်ငန်းသုံး ၆ ဘတ်၊ သာသနိကနဲ့ ဌာနဆိုင်ရာသုံး ၃ ဒသမ ၅ ဘတ်က ပိုပေးဆောင်နေရတဲ့အတွက် ပြည်တွင်းဓာတ်အားသုံးစွဲခထက် နှစ်ဆပိုမို ကုန်ကျနေပါတယ်။ ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားရရှိရေးအတွက် သူဌေးချောင်း၊ သောက်ရေ ခပ်ချောင်း(၁)၊ ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းတွေကို အကောင်အထည့်မဖော်နိုင်သေးတဲ့ အတွက် ဓာတ်အားထုတ်လုပ်မှုအပိုင်းကို ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024