ချောက်မြို့တွင် နိုင်ငံတော်အတိုင်ပင်ခံအား ထောက်ခံပွဲပြုလုပ်
DVB
·
December 10, 2019
ဂမ်ဘီယာနိုင်ငံက မြန်မာကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှု ဖြေရှင်းနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံအား ထောက်ခံပွဲကို ချောက်မြို့နယ် ဒေသခံ ၁၀၀၀ လောက် ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ကြပါတယ်။
မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦသန်းတင်က “ဒီနေ့ တစ်ရက်ထည်းမှာဘဲ မကွေးတိုင်း ၂၅ မြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့ ပွဲတွေကို ပြည်သူလူထုက ဦးဆောင် လုပ်ကြတယ် ပါတီကဝန်းရံတယ်” လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်တဲ့ ထောက်ခံပွဲကို ချောက်မြို့အမှတ် ၁၀ ၊ အေးစေတီရပ်ရှိ ဓမ္မာရုံရှေ့ကနေ အမှတ် ၁၄ ရပ်ကွက် ဗိုလ်ချုပ် ကျေးရုပ်စိုက်ထူတဲ့နေရာအထိ မြို့တွင်းလမ်းမကြီးအတိုင်း ချီတက်ခဲ့ကြကာ “နိုင်ငံတော်၏ အကျိုးစီးပွားကာကွယ်ရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိသည်” ၊ “we stand with Our Leader” စတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြတာပါ။
ချောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက “ဒါနိုင်ငံတော်နဲ့ ပတ်သက်တယ် သူတို့စွဲတာကလည်း နိုင်ငံတော်ကိုစွဲတာပါ။ လူပုဂ္ဂိုလ် ဘယ်သူဘယ်ဝါလို့ စွဲတာမဟုတ်ပါဘူး ကျနော်တို့ မြန်မာနိုင်ငံဂုဏ်သိက္ခာကို စော်ကားပြီးစွဲတဲ့အတွက် အမေစုနဲ့ သက်ဆိုင်ရာလူတွေကသွားပြီး ဒီကနေ့ဆိုရင် စပြီးစွဲချက်တင်မှာပါ။ မနက်ဖြန်ဆိုရင် အမေစုက ပြန်လည်ရှင်းလင်းတင်ပြမှာ၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက် မြန်မာနိုင်ငံကိုယ်စား အမေစုက သွားပြီးရှင်းလင်းတင်ပြမှာဖြစ်ပါတယ်´လို့ပြောပါတယ်။
အလားတူ မနက် ၁၀ နာရီ အချိန်မှာလည်း ဆိပ်ဖြူမြို့ ရွှေမင်းဝန်ဘုရားကြီးကွင်းမှာ အဲဒီမြို့နယ်က ကျေးရွာပေါင်း ၄၆ အုပ်စု ၁၃၆ ရွာက လူအင်အား ၁၅၀၀ လောက်နဲ့ စုပေါင်း ထောက်ခံပွဲပြုလုပ်ခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ကြားနာမှာပါ။
ကိုလင်း(ချောက်)