မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ် ဆုံရပ်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည်
DVB
·
December 10, 2019
World Lethwei Championship ရဲ့ လက်ရှိချန်ပီယံ ဒေ့ဗ် (ဒေဝ)က ဒါရိုက်တာ ယုန်လေးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
ကနေဒါ နိုင်ငံသား WLC ခါးပတ်ချံပီယံ ဒေ့ဗ်က ဒီဇင်ဘာလအတွင်းမှာ ဒါရိုက်တာ ယုန်လေးရိုက်ကူးမယ့် Underground (ဆုံရပ်) ဇာတ်ကားမှာ ပါဝင်ဖို့ ဒီဇင်ဘာ ၉ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။
ရုပ်ရှင်ဇာတ်ကားက အက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပြီး ဒေ့ဗ်က အဓိက ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ရုပ်ရှင်ရိုက်ကူးရေးအတွက်ပဲ ပြင်ဆင်နေသလို လာမယ့် ၂၀၂၀ ဇန်နဝါရီလမှာ ကျရင်တော့ WLC ပွဲစဉ်တွေ အတွက် လေ့ကျင့်မှုတွေပြန်စမယ်လို့ ဒေ့ဗ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ထိုးသတ်မယ့် WLC ပွဲစဉ်ကတော့ မသေချာသေးပေမယ့် အမေရိကန်မှာတော့ လာမယ့် ဇူလိုင်လမှာ သွားရောက် ထိုးသတ်ဖို့ ရှိတယ်လို့ သိရပါတယ်။ WLC ခါးပတ်ကိုတော့ ဆက်လက်ကာကွယ်နိုင်အောင် ကြိုးစားမယ်လို့ ဒေ့ဗ်က ပြောပါတယ်။
မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချံပီယံဟောင်းတဦးဖြစ်တဲ့ ဒေ့ဗ်ဟာ ကနေဒါနိုင်ငံသားတဦး ဖြစ်ပြီးတော့ လက်ရှိမှာတော့ WLC ခါးပတ် ချန်ပီယံတယောက်ဖြစ်ပါတယ်။
လက်ရှိမှာလည်း မြန်မာ့လက်ဝှေ့နည်းစနစ်တွေကို အီတလီ၊ ဒိန်းမတ်၊ ပေါ်တူဂီ၊ အိုက်စလန်၊ ပိုလန်၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့မှာ ပြန်လည်မျှဝေနေတာ ဖြစ်ပါတယ်။
အခုရိုက်ကူးမယ့် (ဆုံရပ်)ရုပ်ရှင်ဇာတ်ကားဟာ ဒေ့ဗ်အတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ရိုက်ကူးမှာ ဖြစ်ပါတယ်။
သတင်း - သင်းသင်းဇော်