ဝါရင့်မင်းသမီးကြီး ဝါဝါဝင်းရွှေ ရိုက်ကူးသည့် ရှင်ဥပဂုတ္တ ရုပ်ရှင် (ရုပ်ရှင်နမူနာ)

ဝါရင့်သရုပ်ဆောင်မင်းသမီး အကယ်ဒမီ ဝါဝါဝင်းရွှေ ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ ရှင်ဥပဂုတ္တ ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မင်းကြည်လှိုင်(သန်လျင်)ရဲ့ ဇာတ်လမ်းကို မြင့်ဦးဦးမြင့်က ဇာတ်ညွှန်းခွဲထားပေးတဲ့ ဒီကားကိုတော့ ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ ဘုရားဟော ဇာတ်နိပါတ်တော်တွေ၊ ရာဇဝင်သမိုင်းဆိုင်ရာ အဖြစ်အပျက် ဇာတ်လမ်းတွေကို သဘောကျနှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့ကြမှာ ဖြစ်ပြီး CGI အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသမီး ဝါဝါဝင်းရွှေရဲ့ တကျော့ပြန်သရုပ်ဆောင် အနုပညာကိုလည်း ရှုစားကြရမှာဖြစ်ပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသား ရန်အောင်၊ ရဲအောင်၊ နေမျိုးအောင်၊ ဝါဇင်တို့နဲ့အတူ ပြီးခဲ့တဲ့နှစ်က ဥပါဒါန်ရုပ်ရှင်ကားနဲ့ ပရိသတ် လက်ခံအားပေးမှု ရရှိထားတဲ့ မင်းသား ခိုင်ထူးသာ၊ သရုပ်ဆောင်မင်းသမီး ဆုပန်ထွာတို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up