နေထိုင်ရန်မကောင်းဆုံး မြို့စာရင်းတွင် ပါဝင်မှုအပေါ် ရန်ကုန်မြို့တော်ဝန် တုံ့ပြန်
သူဇာလင်း
·
December 9, 2019
ရန်ကုန်မြို့က ကမ္ဘာပေါ်မှာ နေထိုင်ဖို့ မကောင်းဆုံးမြို့စာရင်းမှာ ပါဝင်တယ်လို့ ဖော်ပြချက်က ရှက်စရာမဟုတ်သလို ဂုဏ်ယူစရာလည်း မဟုတ်ဘူးလို့ ရန်ကုန်မြို့တော်ဝန်က ပြန်လည် တုံ့ပြန်လိုက်ပါတယ်။
လန်ဒန် Internations အဖွဲ့က ၃ နှစ်မြောက်အဖြစ် ပြည်ပမှာနေထိုင်သူတွေကို မေးမြန်း သုတေသနပြုထားတဲ့ မြို့ညွှန်းကိန်း ၂၀၁၉ စာရင်းမှာ ရန်ကုန်မြို့က နေထိုင်ဖို့ မကောင်းဆုံးမြို့ စာရင်းတွေရဲ့ အောက်ဆုံး ၁၀ မြို့စာရင်းမှာ ပါဝင်နေတာပါ။
နိုင်ငံတကာက တိုကျို၊ ဆန်ဖရန်စစ္စကိုစတဲ့ မြို့ကြီးတွေနဲ့ နိုင်ယှဉ်မယ်ဆိုရင်တော့ ဖြစ်နိုင်သလို ရန်ကုန်မြို့က ဒီလောက်အထိ အခြေအနေမဆိုးဘူးလို့ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီ သတင်းဌာနက မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။
ဒါ့အပြင် ကမ္ဘာပေါ်က မြို့တွေက သူ့အဆင့်နဲ့သူ သတ်မှတ်ချက်ရှိပြီး ဒီစစ်တမ်းက ဘယ်လိုကောက်တာလဲ ဆိုတာလည်း မသိသလို စစ်တမ်းကောက်သူရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာလည်း သိဖို့လိုအပ်ပြီး ဒီလိုစာရင်းမှာပါတာက ရှက်စရာမဟုတ်သလို ဂုဏ်ယူစရာ မဟုတ်ပါဘူးလို့ မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောခဲ့တာပါ။
Internations အဖွဲ့ကကမ္ဘာတဝန်း မိခင်ပြည်ပနိုင်ငံတွေမှာနေထိုင်တဲ့ သူ ၂၀၂၅၉ ယောက်ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး နေထိုင်ဖို့ အကောင်းဆုံးမြို့နဲ့ နေထိုင်ဖို့ မကောင်းဆုံးမြို့ စာရင်းတွေကို ဖော်ပြထားတာလည်းဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ နေထိုင်ဖို့ မကောင်းဆုံးကတော့ ကူဝိတ်မြို့ဖြစ်ပြီး သူ့နောက်မှာ ရောမ (အီတလီ)၊ မီလန် (အီတလီ)၊ လာဂို့စ် (နိုင်ဂျီးရီးယား)၊ ပဲရစ် (ပြင်သစ်)၊ ဆန်ဖရန်စစ္စကို (အမေရိကန်)၊ လော့စ်အိန်ဂျလိစ် (အမေရိကန်)၊ လီမာ (ပီရူး)၊ နယူးယောက် (အမေရိကန်)နဲ့ ရန်ကုန်တို့ ဖြစ်ပါတယ်။
နေထိုင်ဖို့အကောင်းဆုံး မြို့ကြီး ၁၀ မြို့ စာရင်းကိုလည်း ဖော်ပြထားပြီး ထိုင်ဝမ်ရဲ့ မြို့တော် တိုင်ပေက ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒီနောက်မှာ ကွာလာလမ်ပူ (မလေးရှား)၊ ဟိုချီမင်း (ဗီယက်နမ်)၊ စင်ကာပူ၊ မွန်ထရီယယ် (ကနေဒါ)၊ လစ္စဘွန်း (ပေါ်တူဂီ)၊ ဘာစီလိုနာ (စပိန်)၊ ဇပ်က် (ဆွစ်ဇာလန်)၊ သည်ဟိတ် (နယ်သာလန်) နဲ့ ဘာဆယ် (ဆွစ်ဇာလန်) တို့ဖြစ်ပါတယ်။