Home
မြန်မာသတင်း
ကာလုံအမြန်ခေါ်ယူဆောင်ရွက်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တိုက်တွန်း 
နေဖြိုးဝင်း
·
December 9, 2019
79795296_3083405168341148_5798386985550741504_o
78571345_3083405185007813_7318062924453380096_o
အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ရခိုင်နဲ့ ရှမ်းမြောက် လုံခြုံရေးကိစ္စတွေကို ကာလုံအစည်းအဝေးအမြန်ခေါ်ပြီး ဆောင်ရွက်သင့်တယ်လို့ တပ်မတော်သားတဦးက ပြောဆိုလိုက်ပါတယ်။ ဦးစိုင်းသန်းနိုင်အပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးတင်သွင်းထားတဲ့ ဒုတိယအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းအပေါ် ပူးပေါင်းကော်တီရဲ့ အစီရင်ခံကို ဒီဇင်ဘာ ၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြတာမှာ အခုလိုပြောတာပါ။ တပ်မတော်အစိုးရအနေနဲ့ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ကာလကစပြီး နိုင်ငံရေးအခြေနေတွေ၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အဘက်ဘက်က ယိမ်းယိုင်နေတဲ့ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေးအခြေနေတွေကို သင်ခန်းစာယူပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဒီလို ရေးဆွဲခဲ့တဲ့နေရာမှာ နိုင်ငံတော်ကို ထိန်းကျောင်းနိုင်မယ့် ကော်မတီတစ်ခုဖြစ်တဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းခဲ့တယ်လို့ ဗိုလ်မှူးချုပ် ကျော်စန်းလင်းက ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ARSA နဲ့ AA တို့ရဲ့တိုက်ခိုက်မှုတွေ၊ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ TNLA၊ MNDAA၊ AA တို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ကာလုံခေါ်ယူပြီး အကြမ်းဖက် သောင်းကျန်းသူတွေအဖြစ် တရားဝင်ကြေညာသင့်သလို၊ မြို့ရွာတွေအတွင်း ဝင်ရောက်လာတဲ့ သောင်းကျန်းသူတွေနဲ့ အဖျက်သမားတွေကို ဖော်ထုတ်ဖို့ ဖျက်သိမ်းထားတဲ့ ဧည့်စာရင်းဥပဒေနဲ့ လုံခြုံရေးဆိုင်ရာကန့်သတ်ချက်တွေကို ပြန်လည်ဖော်ဆောင် ပေးသင့် တယ်လို့ ပြောပါတယ်။ "သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုဖြစ်စဉ်တိုင်း တပ်မတော်က အမြန်ဆုံးလိုက်လံ တိုက်ခိုက် ချေမှုန်းနေပေမယ့် အစိုးရအနေနဲ့ မည်သည့်ဆောင်ရွက်ချက်မှ လုပ်ဆောင်ထားခြင်း မရှိသေးတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ တစ်နိုင်ငံလုံးအရေးမဟုတ်၊ ပြည်နယ်လေး တစ်ခုရဲ့ ပြဿနာဖြစ်တယ်လို့ ယူဆခဲ့ရင် ရခိုင်ပြည်နယ်မှာရှိတဲ့ အခြားအမတ်မင်းတွေနဲ့ ပြည်နယ် အစိုးရတာဝန်ရှိသူတွေ ထပ်ပြီး အဖမ်းခံနေရဦးမှာပါပဲ။ ဒါကြောင့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေရဲ့ လုံခြုံရေးကိစ္စတွေကို ကာလုံအမြန်ဆုံးခေါ်ယူပြီး အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်သွားသင့်ကြောင်း အကြံပြုအပ်ပါတယ် "လို့ ဗိုလ်မှူးချုပ် ကျော်စန်းလင်းက ပြောပါတယ်။ တိုင်းဒေသကြီး တစ်ခုပဲဖြစ်ဖြစ်၊ ပြည်နယ်တစ်ခုပဲဖြစ်ဖြစ် မလုံခြုံရင် ဒါမှမဟုတ် မကာ ကွယ်နိုင်ရင် ဒီမိုကရေစီဖက်ဒရယ်စနစ် ဖော်ဆောင်မှုကို နှောင့်နှေးစေတာကြောင့် နိုင်ငံတော်အရေးကိစ္စတွေ အတွက် ၂ လ တကြိမ် ကာလုံအစည်းအဝေး ခေါ်သင့်တယ်လို့ ဆိုပါတယ်။ အလားတူ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး သန့်ဇင်ကလည်း ကာလုံဟာ နိုင်ငံရဲ့ကာကွယ်ရေး၊ လုံခြုံရေးကိစ္စတွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့ Platform တစ်ခုဖြစ်ပြီး ခြေဥက အချင်းချင်းတိုင်ပင်ဆွေးနွေးဖို့ လိုအပ်လို့ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ "အခြေခံဥပဒေက လိုအပ်လို့ဆောင်ရွက်ရန် ချမှတ်ထားပေမယ့် လိုက်ပါဆောင်ရွက်မှု မရှိတာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအကြီးအကဲတွေဟာ နိုင်ငံတော်ရဲ့ အသက်ဖြစ်တဲ့ အခြေခံဥပဒေက သတ်မှတ်တာကို အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ သုံးသပ်ရပါတယ် " လို့ ဗိုလ်မှူးကြီး သန့်ဇင်က ဆိုပါတယ်။ အခုလို ကာလုံခေါ်သင့်တဲ့အချိန်မှာ ခေါ်ရမယ့်ပုဂ္ဂိုလ်က မခေါ်တဲ့အတွက် အခြားအဖွဲ့ဝင် တွေက ကာလုံခေါ်ပေးဖို့ တောင်းဆိုခွင့်မရှိတဲ့အတွက် ဦးစိုင်းသန်းနိုင်အပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးက ဒုတိအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းကို ဖြည့်စွက်တင်သွင်းရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024