Home
မြန်မာသတင်း
အဂတိတိုင်ကြားစာပေါင်း ၂ သောင်းခန့်ရရှိ၊ လူပေါင်း ၁၁၇ ဦးကို တရားစွဲ
Aung Ko Latt
·
December 9, 2019
အဂတိတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ပြည်သူလူထုထံက ပေးပို့တဲ့ တိုင်ကြားစာပေါင်း ၂၀၀၀၀ နီးပါးရရှိခဲ့ပြီး လူပေါင်း ၁၁၇ ဦးကို တရားစွဲအရေးယူနိုင်ခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် တဦးက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာခန်းမမှာ ကျင်းပရာမှာ ပြောကြားလိုက်တာပါ။ ၂၀၁၈ ခုနှစ်အတွင်း ပြည်သူလူထုက ပေးပို့တဲ့ တိုင်ကြားစာပေါင်း ၁၀၅၄၃ စောင်ရရှိခဲ့ပြီး အမှုပေါင်း ၃၁ မှု၊ လူဦးရေ ၄၆ ဦးကို တရားစွဲဆိုခဲ့ကာ ငွေကျပ် သန်း ၃၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၄ သန်းကျော်ကို သိမ်းဆည်းခဲ့တယ်လို့ အဂတိတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်က ပြောပါတယ်။ အခု၂၀၁၉ ခုနှစ်အတွင်း နိုဝင်ဘာလကုန်အထိတော့ တိုင်ကြားစာပေါင်း ၈၇၇၂ စောင် လက်ခံရရှိကာ အမှုပေါင်း ၇၇ မှု၊ လူဦးရေ ၇၁ ဦးကို တရားစွဲခဲ့ပြီး GGS ကုမ္ပဏီထံကနေ ကမ်းလွန်သဘာဝဓာတ်ငွေ့ဖိုး ငွေကျပ် ၉၈၄၇ သန်းကျော်ကို နိုင်ငံတော်ကို ပေးသွင်းစေနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီနေ့အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင် တွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတဝန်းတိုင်းနှင့် ပြည်နယ်အားလုံးမှာ တပြိုင်နက်ထဲ ပြုလုပ်နေကြတာဖြစ်ပြီး နိုင်ငံတော်သမ္မတက ပေးပို့တဲ့ သဝဏ်လွှာကိုလည်း ဝန်ကြီးချုပ်က ဖတ်ကြားခဲ့ပါတယ်။ "အဂတိတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းစဉ် ၃ ရပ်ကို လုပ်ဆောင်နေပြီး နိုင်ငံတော် တဝန်းလုံးမှာ တံစိုးလက်ဆောင်ယူခြင်း၊ ပေးခြင်းတို့တင်မက နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှု ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်း တို့ကို လျော့ကျစေရန် အားထုတ်ကြိုးပမ်း ဆောင်ရွက်နေတယ်"လို့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ အဂတိတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲတွေကို ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ ဖွင့်လှစ်ထ ထားပြီး အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကာ အများပြည်သူ အကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေးဥပဒေ (Whistleblower Protection Law) အပြီးသတ်မူကြမ်းကိုလည်း ပြည်ထောင်စုလွှတ်တော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီကို တင်ပြထားပါတယ်။  မုံရွာမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အဂတိတိုက်ဖျက်ရေးနေ့အခမ်းအနားမှာတော့ အဂတိတိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ တေးသရုပ်ဖော်တွေကိုလည်း ကျောင်းသားကျောင်းသူတွေက တင်ဆက်ကပြခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024