A d v e r t i s e m e n t With Us

မြန်မာအမျိုးသမီးဘောလုံအသင်း တတိယနေရာလုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းကို အနိုင်ရ

Myanmar Football Federation
ဒီနေ့ယှဉ်ပြိုင်ခဲ့တဲ့ အရှေ့တောင်အာရှဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာ လုပွဲမှာ မြန်မာအသင်းက အိမ်ရှင်ဖိလစ်ပိုင်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အနိုင်ရဖို့အတွက် အိမ်ရှင်အသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ ရပြီး ပွဲချိန်၅၇မိနစ်မှာ ဖိလစ်ပိုင်အသင်းက ဦးဆောင်ဂိုးအရင် သွင်းခဲ့တာပါ။ မြန်မာအသင်းကနောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲချိန် ၇၈ မိနစ်မှာ ဂျုလိုင်ကျော်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းပါတယ်။ အနိုင်ဂိုးကိုတော့ ချေပဂိုးသွင်းပြီး ၂ မိနစ် အကြာမှာပဲ တိုက်စစ်မှူး ရီရီဦးက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ပွဲပြီးချိန်ထိ တဖက်အသင်းက ချေပဂိုး ပြန်လည်ဂိုးသွင်းနိုင်ခြင်း မရှိဘဲ မြန်မာအသင်းက ၂ ဂိုး ဖိလစ်ပိုင်အသင်းက ၁ ဂိုးနဲ့အဆုံးသတ်ခဲ့ပါတယ်။ အုပ်စု (က) မှာပါတဲ့ မြန်မာအသင်းဟာ အိမ်ရှင် ဖိလစ်ပိုင်နဲ့ လေးရှားတို့ကို အုပ်စုပွဲမှာ အနိုင်ကစားခဲ့ပြီး ကွာတားဖိုင်နယ်မှာတော့ တဖက်အုပ်စု (ခ) က တက်လာတဲ့ ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်ရောက် နိုင်ခြင်းမရှိဘဲ တတိယနေရာလုပွဲနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်က ကျင်းပတဲ့ မလေးရှားဆီဂိမ်းပြိုင်ပွဲမှာလည်း မြန်မာအမျိုးသမီးအသင်းဟာ တတိယကြေး တံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ်ကနေ စတင်ခဲ့တဲ့ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးသင်းဟာ ၂၀၀၃ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ဒုတိယ ၂ ကြိမ်ဆက်ရခဲ့တာက အမြင့်ဆုံးအောင်မြင်မူဖြစ်ပြီး ၂၀၀၇ ခုနှစ်ကနေ အခုနှစ်ပြိုင်ပွဲအထိ ၅ ကြိမ် ဆက်တိုက် တတိယကြေးတံဆိပ်ဆုတွေနဲ့ပဲ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up