ရေတာရှည်တွင် ယာဉ်တိုက်မှုကြောင့် ၂ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
DVB
·
December 8, 2019
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ မနေ့က ယာဉ်တိုက်မှုကြောင့် ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့ မနက်အစောပိုင်း ၅ နာရီခွဲလောက် ရေတာရှည်မြို့နယ်၊ မှန်စီကျေးရွာ အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၁၈၁/၆-၇) ကြားမှာ ဇော်လင်း(ခ)သံချောင်း(၃၉)နှစ်မောင်းနှင်ပြီး လူ ၆ ယောက် (ကျား ၄၊ မ ၂) လိုက်ပါလာတဲ့ လိုက်ထရပ်ယာဉ်ဟာ လားရာတူရှေ့မှ ယာဉ်/ယာဉ်မောင်း(စိစစ်ဆဲ)ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပြီး ရှေ့ယာဉ်(စိစစ်ဆဲ) ကတော့ ဆက်လက်မောင်းနှင်သွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ဦးဇော်လင်း(ခ)သံချောင်းအပါအဝင် အမျိုးသား ၂ ယောက် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူ ၅ ယောက်အား ရေတာရှည် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပြီး ၂ ယောက်က စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဦးဇော်လင်း(ခ)သံချောင်း (သေဆုံး) အား ဆွာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်၊ သာမန်နာကျင်စေမှု) တို့နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo : Ministry of Home Affairs, Myanmar