DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် မိုးသည်းထန်မှုကြောင့် နေအိမ်များပျက်စီး
DVB
·
February 4, 2013
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် မိုးသည်းထန်မှုကြောင့် နေအိမ်များပျက်စီး
1 / 2
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ညက မိုးသည်းထန်ပြီး ကြီးမားတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် နေအိမ်တွေ အတော်များများ ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၅ နာရီခွဲလောက်ကနေ မိုးစရွာတာ အရွယ်အစားကြီးတဲ့ မိုးသီးတွေပါ ကျလာတဲ့အတွက် အုတ်ကျွတ်မိုးတဲ့အိမ်တွေရော၊ သွပ်မိုးအိမ်တွေပါ ခေါင်မိုးတွေ ပေါက်ထွက်ပြီး အိမ်ခြေတော်တော်များများ ပျက်စီးသွားတယ်လို့ ကတ်တောဝ်ကျေးရွာက ရွာသားတဦးက ပြောပါတယ်။

“မနေ့ညက မိုးရွာတော့ တဒုတ်ဒုတ်အသံတွေပါ ကြားရတယ်။ အစကတော့ အိမ်ကိုခဲနဲ့ အပေါက်ခံရတယ် ထင်နေတာ၊   နောက်တော့ မိုးသီးတွေ ဖြစ်နေတယ်။ တအားကြီးတာပဲ၊ ဒီလောက်ကြီးနဲ့ မိုးသီးမျိုး တခါမှမတွေ့ဖူးဘူး၊ ပန်းသီးလောက်ကြီးတာလည်း ရှိတယ်။ အာလူးလောက်ကြီးတာလည်း ရှိတယ်။ မိုးသီးကျတာက ၁၅ မိနစ်လောက်ပဲ ကြာမယ် ထင်တယ်။ ဒါပေမယ့် ကျနော်တို့ရွာမှာ အိမ်ခြေ ၃၀ လောက် ခေါင်မိုး ပေါက်ကုန်တယ်။”

မိုးကြီးတာကြောင့် လူကို ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် အိမ်တွေပြန်ပြင်ဖို့ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေ လာကြည့်တာ မရှိသေးပေမယ့် ကျိုင်းတုံမြို့ ရှမ်းလူငယ်အဖွဲ့တော့ ရွာမှာ ရောက်နေတယ်လို့ ရွာသားက ပြောပါတယ်။

[caption id="attachment_36060" align="alignright" width="150" caption="ကျိုင်းတုံမြို့ ကတ်တောက်အုပ်စု ဝမ်ကွမ်းကျေးရွာတွင် ရွာခဲ့သောမိုးသီးများ (ဓာတ်ပုံ- Saisaiwoon Ffxero)"][/caption]

ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းခမ်းကျောဝ်ကတော့ လောလောဆယ် ကွင်းဆင်း စစ်ဆေးနေတုန်းဘဲမို့ ပျက်စီးတဲ့အိမ်ခြေ အတိအကျမသိနိုင်သေးဘူးလို့ ခုလိုပြောပါတယ်။

“ဒီမှာကျတော့ အုပ်စုလိုက်က ၄ အုပ်စုလောက် ရှိတော့ ရွာပေါင်း ၅၀ ကျော် ၆၀ ပါဝင်သွားတယ်။ ကျေးရွာအုပ်စု ၄ စု နာမည်က ကတ်ထိုင်အုပ်စု၊ ၀ပ်ဆောင်းအုပ်စု၊ ကတ်တောင်ဝ်အုပ်စုနဲ့ ပင်းထောင်းအုပ်စု။ ကျနော်ရောက်နေတဲ့ ကတ်ထိုင်ရွာကတော့ အများစုတော့ အမိုးမကျန်တော့တာဖြစ်တယ်။ သွပ်တောင်ပေါက်သွားတယ်။ အိမ်ခြေ ၁၂၃ အိမ် ရှိတယ်။ အိမ်ခြေ ၃၀ ကျော်ကျော်လောက် ပျက်သွားတယ်။”

ကျိုင်းတုံမှာ  ကြီးမားတဲ့မိုးသီးတွေ ကျတာ ဒါပထမဆုံးအကြိမ်ဘဲလို့ ဆက်ပြောပါတယ်။

ကျိုင်းတုံလူငယ်အဖွဲ့ ကွင်းဆင်းတွေ့ရှိချက်အရ ကတ်ဝုန့်၊ ဟိုင်းတိုက်၊ ဟိုင်းနေ၊ ၀မ့်စန် ရွာ ၄ ရွာစလုံးမှာ နေအိမ် ၉၀ ရာခိုင်နှုန်း ခေါင်မိုးတွေ ပျက်စီးသွားပြီး သက်ငယ်မိုးအိမ်နဲ့ အုတ်ချပ်မိုးအိမ်တချို့ပဲ ကျန်တယ်လို့ စိုင်းခမ်းကျောဝ်က ပြောပါတယ်။

ကျိုင်းတုံမှာ  ကြီးမားတဲ့မိုးသီးတွေ ကျတာ ပထမဆုံးအကြိမ်ပဲလို့ စိုင်းခမ်းကျောဝ်က ဆိုပါတယ်။

မိုးသီးကြီးတွေ ကြွေတာနဲ့ ပတ်သက်ပြီး  မိုးလေ၀သပညာရှင် ဦးထွန်းလွင်က “မိုးသီးကြွေတာက တိမ်တမျိုးပါ။ မိုးတိမ်တောင်ခေါ်တယ်။ ဒါကြောင့် မိုးသီးကြွေတာပါ။ မိုးတိမ်တောင်ဖြစ်တာဟာ ပညာရပ်အရပြောရင်တော့ လေထုမတည်ငြိမ်လို့ဖြစ်တာပါ။ မတည်ငြိမ်ရခြင်းအကြောင်းက လေပူလေအေးသွားထိတွေ့တဲ့နေရာတွေမှာ ဖြစ်တတ်တဲ့ သဘာဝပါ။ မြောက်ဘက်ကလေအေးတွေ ထိုးဆင်းတယ်။ အောက်ဘက်က စွတ်စိုတဲ့လေတွေ အခုရက်ပိုင်းလေးမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်ပြင် ထိုင်းပင်လယ်ကွေ့မှာရော စွတ်စိုတဲ့လေတွေ ၀င်နေရင်ပေါ့ အဲ ၂ ခုပါပဲ။ သာမန်တော့ ပုံမှန်ပါပဲ။ သိပ်အထူးဆန်းကြီးမဟုတ်ပါဘူး။ ဆောင်းတွင်းဆိုတော့ ဖြစ်တော့ဖြစ်ခဲတာပေါ့လေ။ မကြာ မကြာဖြစ်တာတွေလည်း ရှိပါတယ်။”

“မိုးသီးကြီးသွားတာက ဖြစ်တဲ့တိမ်က တော်တော်မြင့်လို့ပါ။ တိမ်က ၄ သောင်းခွဲ၊ ၅ သောင်းလောက်ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်ဖြစ်တာပါ။”

ရှမ်းပြည်အရှေ့ပိုင်းဘက်မှာ  တိမ်ထူထပ်ပြီး   မိုးကြီးမယ့်အကြောင်း၊ ရွာရန်ရာနှုန်း  ၃၀  ရှိကြောင်း မနေ့က မိုးလေ၀သ သတင်းထုတ်ပြန်ခဲ့ပြီး ဒီလိုမိုးသီးကြွေတာ ၁၀ မိုင် ပတ်ဝန်းကျင်လောက်ပဲ  ပျံ့နှံ့လေ့ရှိတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013