Home
မြန်မာသတင်း
ကရင်ပြည်နယ် ဘက်စုံတိုးတက်ရန် အမျိုးသမီးကဏ္ဍ အရေးကြီးဟု လူမှုရေးဝန်ကြီးပြော
DVB
·
December 8, 2019
ကရင်ပြည်နယ်ရဲ့ စီးပွားရေးဟာ အခြားပြည်နယ်နဲ့နှိုင်းယှဉ်ရင် အများကြီး ကြိုးစားဖို့ လိုအပ်နေပြီး ဘက်ပေါင်းစုံ တိုးတက်လာရေးအတွက် အမျိုးသမီးကဏ္ဍဟာ အရေးကြီးတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်ပါရာဒိုက်စ်ဟိုတယ်မှာ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက ပြုလုပ်တဲ့ အမျိုးသမီးများ စီးပွားရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က “ကရင်ပြည်နယ်ဟာ အခြားပြည်နယ်နဲ့ နှိုင်းယှဉ်တဲ့အခါ ဒီထက်ပိုမိုပြီး အများကြီး ကြိုးစားရမယ်။ အင်အားစိုက်ထုတ်ရမယ်။ လူဦးရေရဲ့တဝက်က အမျိုးသမီးဖြစ်နေတဲ့အတွက် အမျိုးသမီးအား မပါဘဲ အမျိုးသားချည်း တိုးတက်အောင် မလုပ်နိုင်ဘူး။ အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ အများကြီး အရေးပါတယ်။ ဘက်ပေါင်းစုံ တိုးတက်လာအောင် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး လိုတယ်”လို့ ပြောပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်နေတဲ့ ရည်ရွယ်ချက်တူ အမျိုးသမီးတွေ ဖွဲ့စည်းပြီး ပြည်နယ်အတွင်း စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်ဖို့နဲ့ ရပ်တည်နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာပါ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍတိုင်း အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ မြန်မာအမျိုးသမီး စီးပွားစွမ်းဆောင်ရှင်အသင်း၊ ဒုဥက္ကဋ္ဌ ဒေါ်နှင်းဝေက ပြောပါတယ်။ “အခက်အခဲကတော့ အမျိုးသမီးဆိုတော့ များတာပေါ့။ အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် ပထမဦးဆုံးက ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက ကျမတို့အတွက် စိန်ခေါ်မှုဖြစ်စေတယ်”လို့ ပြောပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ အမျိုးသမီးနှင့်စီးပွားရေး စွန့်ဦးတီထွင်ခြင်းဆိုင်ရာ စကားဝိုင်း ဆွေးနွေးတာ၊ အုပ်စုဖွဲ့ ဆွေးနွေးတာ၊ ပြန်လည်တင်ပြ​ခြင်းနဲ့ အပြန်အလှန် ဆွေးနွေးတာတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း အမျိုးသမီး ၃၅ ရာခိုင်နှုန်းဟာ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ ပါဝင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ လိုအပ်နေသေးတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024