Home
မြန်မာသတင်း
ICJ တွင် ဒေါ်အောင်ဆန်းစုကြည် တာဝန်ကျေအောင် ဆောင်ရွက်ရန်မျှော်လင့်ဟု သူရဦးရွှေမန်း ပြော
နေဖြိုးဝင်း
·
December 8, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တာဝန်ခံပြီး သွားရောက်ဖြေရှင်းမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တာဝန်ကျေအောင်  ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်း သူရဦးရွှေမန်းက ပြောပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောတာပါ။ “တကယ်တော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာ ဒီနေ့ သမ္မတ မဟုတ်ပါဘူး။ သမ္မတမဟုတ်သော်လည်း ဒီနေ့ နိုင်ငံ့ရဲ့ ခေါင်းဆောင်၊ ပါတီတခုရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်တဲ့အတွက် အခုလို တာဝန်သိပြီး သွားရောက်ပြီးတော့ ရင်ဆိုင်ဖြေရှင်းဆောင်ရွက်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ မိမိတို့အနေနဲ့တော့ ဒီလို တာဝန်သိပြီးတော့ သွားရောက်တာအပြင် တာဝန်ခံပြီး သွားရောက်တာအပြင် တာဝန်ကိုကျေအောင် ဆောင်ရွက်ဖို့အတွက်လည်း မျှော်လင့်ပါတယ်။” အခုလို နိုင်ငံတခုက တရားစွဲတဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သွားရောက်ဖြေရှင်းတာဟာ နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေနေတွေကို ပကတိအခြေနေအတိုင်း မှန်မှန်ကန်ကန်နဲ့ တင်ပြနိုင်တဲ့ အခွင့်အရေးတခုလို့ ယူဆသလို ဒီကိစ္စကနေ သင်ခန်းစာယူစရာတွေ အများကြီး ရှိတယ်လို့လည်း ဆိုပါတယ်။ “သင်ခန်းစာဆိုတာကတော့ တချို့ကိစ္စတွေမှာ အပ်နဲ့ ထွင်းရမယ့်ကိစ္စဆို အပ်နဲ့ ထွင်းလိုက်ပါ။ အပ်နဲ့ မထွင်းမိဘူးဆိုရင် ပုဆိန်နဲ့ပေါက်ပြီး ဖြေရှင်းရမယ့် အနေအထားမျိုးတွေ သင်ခန်းစာယူဖို့ လိုပါတယ်။ ဒီလိုဖြစ်တာဟာ တကယ်တမ်းကျတော့ စည်းလုံးညီညွတ်မှု အားနည်းလို့ ဖြစ်သလား ဆိုတာလည်း ပြန်သုံးသပ်၊ အကယ်လို့ စည်းလုံးညီညွတ်မှုရှိတယ်ဆိုရင် ဒီဟာမျိုး ဖြစ်ချင်မှ ဖြစ်မှာ။ စည်းလုံးညီညွတ်မှုမရှိတဲ့အတွက် ဒီနေ့ မြန်မာနိုင်ငံအပေါ် ဘေးကနေပြီး အခုလို နိုင်ငံလေးတနိုင်ငံကနေပြီးတော့ တရားစွဲဆိုတာ။ စည်းလုံးညီညွတ်မှု ရှိတယ်၊ နိုင်ငံက စီးပွားရေးလည်းကောင်းတယ်၊ ကာကွယ်ရေးအင်အားစုလည်း ကောင်းမယ် ဒီလိုအခြေအနေမျိုး ဖြစ်စရာ အကြောင်းမရှိဘူး။ ဒါကြောင့်မို့ သင်ခန်းစာတွေကတော့ မြန်မာနိုင်ငံသားတွေ တကယ်ကို သွေးစည်းညီညွတ်ကြပါ” လို့ ဦးရွှေမန်းက ပြောပါတယ်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့အထိ ကြားနာမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024