ကချင်ပြည်စစ်ပွဲနှင့် ပေးရမည့် အဖိုးအခ

ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က အပစ်ခတ်ရပ်စဲရေး ကြေညာပြီး နာရီပိုင်း အတွင်းမှာပဲ တပ်မတော်က ကေအိုင်အေကို ထိုးစစ်ဆင်ပါတယ်။ နောက်ရက်တွေမှာ ရာနဲ့ ချီတဲ့ အစိုးရတပ်တွေက လိုင်ဇာမြို့နဲ့ သုံးမိုင်လောက် အကွာမှာ ရှိတဲ့ ကေအိုင်အေ (ကချင်လွတ်လပ်ရေး တပ်မတော်) ဌာနချုပ်ကို ချီတက်တိုက်ခိုက်ပါတယ်။ ကေအိုင်အေ တပ်သားတွေကလည်း ရှိသလောက် လက်နက်တွေနဲ့ ပြန်ခုခံပါတယ်။ ရက်အတန်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဇန်န၀ါရီ ၂၆ ရက်နေ့မှာတော့ အစိုးရစစ်တပ်က လိုင်ဇာတ၀ိုက်က တောင်ကုန်းတွေအားလုံးကို သိမ်းထားလိုက်ပါပြီ။ အခုတော့ လိုင်ဇာမြို့ရဲ့ အခြေအနေက မြန်မာစစ်တပ်က နောက်ထပ်ဘာလုပ်ဦးမလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတဲ့ အနေအထားမျိုးပါ။ ကေအိုင်အေနဲ့ အစိုးရတို့ကြားမှာ ၁၇ နှစ်ကြာအောင် အပစ်ခတ်ရပ်စဲခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ အကယ်၍ ကေအိုင်အေရဲ့ လိုင်ဇာဌာနချုပ်သာ ကျသွားခဲ့ရင် သွေးထွက်သံယို သမိုင်းမှာ အချိုးအကွေ့တခု ဖြစ်လာနိုင်ပါတယ်။ အစိုးရကတော့ ကေအိုင်အေကို ထိုးစစ်ဆင်နေတာမဟုတ်ဘူး၊ မိမိကိုယ်ကို ကာကွယ်တဲ့ စစ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီရက်သတ္တပတ်တွေအတွင်းမှာ နှစ်ပေါင်း ၅၀ လောက် ကေအိုင်အေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အစိုးရတက်က သိမ်းယူထားလိုက်ပါပြီ။ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ သမ္မတက အပစ်ခတ်ရပ်စဲရေး ကြေညာခဲ့ပေမယ့် တပ်မတော်က မလိုက်နာတာကို ထောက်ပြီး လိုင်ဇာကို မချေမှုန်းပါဘူးလို့ စစ်တပ်က ကတိထားပေမယ့် ဒါကို ယုံတဲ့ ကချင်တွေက မရှိသလောက် ရှားပါတယ်။ သမ္မတအနေနဲ့ကတော့ သူ့စစ်တပ်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ခိုင်းနိုင်တဲ့ အကြောင်းတွေ ရှိပါတယ်။ အခုနောက်ဆုံး ထိုးစစ်တွေကြောင့် တရုတ်နယ်စပ်ဘက်ကို ဒုက္ခသည်တွေ ထောင် ပေါင်းနဲ့ချီပြီး ထွက်ပြေးကြရင် မြန်မာအစိုးရ တွက် စီးပွားရေးနဲ့ သံတမန်အရ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်အတွက် စိတ်ငြိုငြင်စရာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်က အစိုးရထိုးစစ်ကို ရပ်ဖို့ မေတ္တာရပ်ခံနေတဲ့ အမေရိကန် ပြည်ထောင်စုလိုမျိုး နိုင်ငံတွေကို ပြောင်ပြောင်တင်းတင်း အာခံရာလည်း ရောက်သွားနိုင်ပါတယ်။ ဒီနိုင်ငံတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို စိတ်အားထက်သန်စွာ ထောက်ခံခဲ့ကြတဲ့ နိုင်ငံတွေပါပဲ။ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ဒီနိုင်ငံတွေကလည်း သမ္မတ ဦးသိန်းစိန်အစိုးရကို (နာမည်ခံချင်နေတဲ့) ဒီမိုကရေစီ အစိုးရသစ်အနေနဲ့ ဒီနိုင်ငံတွေက သတ်မှတ်ကြတော့မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ မြန်မာအစိုးရနဲ့ စစ်တပ်ဘက်က ဒီလိုလည်း တွက်နိုင်ပါတယ်။ အနောက် နိုင်ငံတွေဟာ မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေးအရ၊ စီးပွားရေးအရ အမြောက်အမြား ရင်းနှီးမြှုပ်နှံထားကြတယ်။ ဒါကြောင့် တိုင်းရင်းသားအုပ်စုတစုနဲ့ စစ်ဖြစ်နေတာလောက်နဲ့ ဒီနိုင်ငံတွေရဲ့ ချဉ်းကပ်မှု လမ်းကြောင်းသစ်က လမ်းကြောင်း မပြောင်းနိုင်ဘူးလို့ တွက်နိုင်ပါတယ်။ လက်ရှိဖြစ်နေပုံကလည်း ဒီလိုသဘောမျိုး ဆောင်နေပါတယ်။ ဒီတပတ်ထဲမှာပဲ ဂျပန် အကူအညီနဲ့ ကမ္ဘာ့ဘဏ်ကို ကြွေးဟောင်းတွေ ဆပ်လိုက်နိုင်ပြီး နောက်ထပ် ကြွေးသစ်အဖြစ်နဲ့ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရလိုက်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ကနေလည်း အလားတူ ချေးငွေ အမေရိကန်ဒေါ်လာ ၅၁၂ သန်း ပြန်ထုတ်ပေးလိုက်ပါတယ်။ “Paris Club” ကလည်း မြန်မာပြည်ကနေ ရစရာရှိတဲ့ အကြွေးတွေထဲက နောက်ထပ် သန်း ၆ ထောင်ကို လျော်ပေးတဲ့အကြောင်း ဇန်န၀ါရီလ ၂၅ ရက်နေ့က ကြေညာပါတယ်။ ဒါတွေကတော့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ပေးတဲ့ ဆုလာဘ်တွေပါပဲ။ နောက်ထပ် အပြောင်းအလဲတွေ လုပ်ဖို့ မျှော်လင့်ချက်လည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဗမာတွေ အများစုနေထိုင်တဲ့ မြို့ပြက နိုင်ငံရေးတိုးတက်မှုအခြေအနေနဲ့ သွေးထွက်ယို ပြည်တွင်းစစ်ထဲက ကချင်ပြည်နယ်က အခြေအနေက နှိုင်းယှဉ်လို့မရအောင် ကွာဟ လာပါတယ်။ တခြား တိုင်းရင်းသားတွေ နေထိုင်တဲ့ တောင်ပေါ်ဒေသတွေမှာလည်း မဖြေရှင်နိုင်သေးတဲ့ ပြဿနာတွေနဲ့ လုံးချာလိုက်နေတုန်းပါပဲ။ ကေအိုင်အေ၊ ကရင်၊ ရှမ်းနဲ့ တခြား တိုင်းရင်းသားအုပ်စုတွေရဲ့ ကာလရှည်ကြာ တိုက်ပွဲ ရည်မှန်းချက်ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပါပဲ။ ဗြိတိသျှဆီကနေ လွှတ်လပ်ရေးမရခင် ချုပ်ဆိုခဲ့တဲ့ ၁၉၄၇ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းက လူနည်းစုတွေကို ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ အုပ်ချုပ်ခွင့်ကို ပေးထားတယ်လို့ တိုင်းရင်းသားတွေက ဆိုကြပါတယ်။ ဒီနေ့မှာလည်း ပင်လုံကတိကို တည်ဖို့ကိုပဲ ကေအိုင်အေဘက်က တောင်းဆိုနေတာပါ။ ဒါပေမယ့် အခြေအနေကတော့ လက်တွေ့မှာ ဖြစ်လာနိုင်ခြေ နည်းလွန်းပါတယ်။ အကယ်၍ အစိုးရတပ်က ပေးထားတဲ့ ကတိအတိုင်း ကေအိုင်အေဌာနချုပ် လိုင်ဇာကို မသိမ်းဘူး ဆိုရင်တောင် ကေအိုင်အေက ပတ်ခြာလည်က အ၀ိုင်းခံထားရတဲ့ အထီးကျန် အခြေအနေမှာ  ငွေဝင်ပေါက်တွေ ဖြစ်တဲ့ သစ်နဲ့ ကျောက်စိမ်း ကုန်သွယ်ရေးလည်း ခန်းခြောက်သွားနိုင်ပါတယ်။ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်ဒုက္ခသည် ထောင်ပေါင်းများစွာလည်း ဒုက္ခရောက်သွားနိုင်ပါတယ်။ အငြိုးကြီးတတ်တဲ့ အစိုးရစစ်တပ်က လိုင်ဇာဌာနချုပ်ကို သိမ်းလိုက်ရင်တော့ ဒုက္ခသည်တွေအတွက် ထိထက်မက အခြေအနေတွေ ပိုဆိုးသွားနိုင်ပါတယ်။ ကချင်ခေါင်းဆောင်တွေဟာ အစိုးရဘက်က ချမှတ်တဲ့ ဘောင်ထဲကနေ ငြိမ်းချမ်းဆွေးနွေးဖွယ် မရှိဘူးလို့ အစိုးရတပ်ဘက်က ယုံကြည်နေနိုင်ပါတယ်။ ကေအိုင်အေကလည်း အပစ်ရပ်ရေး ဆွေးနွေးဖို့ကို စိတ်မ၀င်စားဘူးလို့ ဆိုနေပါတယ်။ ကေအိုင်အေ ပြောခွင့်ရသူ ဦးလနန်းက လွန်ခဲ့တဲ့ ၁၇ နှစ်လုံးလုံး အပစ်ရပ်ပြီး အချိန်တွေ ကုန်ခဲ့တယ်။ နိုင်ငံရေး ဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့  စောင့်ခဲ့ပေမယ့် တခါမှ ဖြစ်မလာခဲ့ဘူးလို့ ပြောပါတယ်။ အကယ်၍ လိုင်ဇာကျသွားခဲ့ရင်ရောလို့ မေးတော့ ဦးလှနန်းက မယုံကြည်သလို ပခုံးတွန့်ပြရင်း အရင်က စစ်ဗျူဟာတွေကို ပြန်သုံးရမှာပေါ့လို့ ပြောပါတယ်။ ပြောက်ကျားစစ်ကို ပြန်ဆင်နွှဲမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီအတွက် အစိုးရစစ်တပ်အတွက် စိတ်အနှောင့်အယှက်ဖြစ်မယ့်ပုံမရပါဘူး။ လက်ရှိ တိုက်ပွဲတွေကြောင့် မူမမှန်တဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးမှာ အခွင့်ထူးရထားတဲ့ အနေအထားကို ဆက်ပြီး ကိုင်စွဲထားနိုင်ပါတယ်။ ဖွဲ့စည်းပုံအရ စစ်တပ်က ရွေးကောက်ပွဲ ၀င်စရာမလိုဘဲ လွှတ်တော်ရဲ့ လေးပုံတပုံကို ယူထားပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေး အပြောင်းအလဲအတွက် ဆူးငြောင့်ခလုတ်လည်း ဖြစ်ပါတယ်။ တွင်းထွက်သယံဇာတွေ အများစုရှိတဲ့ မြန်မာပြည်မြောက်ပိုင်းက မငြိမ်သက်မှုတွေဟာ မြန်မာ့စီးပွားရေးတိုးတက်မှုတွေ အပေါ်မှာလည်း ထိခိုက်သွားနိုင်ပါတယ်။ ဒီရှုထောင့်ကနေ ကြည့်ရင် နယ်စပ်ဒေသက တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခဟာ မြန်မာပြည်တခုလုံးရဲ့ ကံကြမ္မာကို ထိခိုက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ရည်ညွန်း၊ ၊ Talking peace, waging war (The Economist)

//
More News
Up