Home
မြန်မာသတင်း
ဘုတလင်မြို့နယ်တွင် သားအမိ ၂ ဦး အသတ်ခံရ
Aung Ko Latt
·
December 6, 2019
76998430_1184450491759944_5973519061638709248_n
78292051_1184450505093276_7159411750276694016_n

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာအုပ်စု၊ မြောက်တောကြီးကျေးရွာ အနီး ညောင်ပင်ကြီးတောတိုက်မှာ ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်းက သားအမိ ၂ ဦး အသတ်ခံခဲ့ရပါတယ်။ 

အသတ်ခံရသူတွေကတော့ မရီရီသန့် (၃၆ နှစ်)နဲ့ သမီးဖြစ်သူ မအေးသန္တာထွန်း (၂ နှစ်၊ ၈လ) တို့ဖြစ်ပြီးန နှစ်ဦးစလုံးမှာ ဦးခေါင်းနောက်စေ့ ကြေမွပွင့်ထွက်ဒဏ်ရာတွေနဲ့ ညောင်ပင်ကြီးတောတိုက်ရှိ ဦးကျော်သန်းရဲ့ ကွမ်းခြံထဲမှာ မှောက်လျက်အနေအထားနဲ့ သေဆုံးအလောင်းတွေကို တွေ့ရှိခဲ့တာပါ။

သေဆုံးသူတွေအနီးအနားမှာလည်း အကျယ် ၃ လက်မကျော်၊ အရှည် ၁ ပေကျော်ရှိတဲ့ သွေးစွန်းနေတဲ့ ထွန်သွားပုံကြမ်း ၁ ချောင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကတော့ မသင်္ကာသူတွေကို ရှာဖွေစုံစမ်းစစ်ဆေးနေပါတယ်။ ဒါ့အပြင် တချို့ကျေးရွာတွေ မှာလည်း သတင်းမှား ကောလာဟလတွေ ပြန့်နှံ့နေသလို အသံချဲ့စက်နဲ့ အော်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က "သားအမိ နှစ်ဦး အသတ်ခံရတာက ဟုတ်ပါတယ်။ ဒါပေမယ့် အရပ်ထဲမှာ ပြောနေကြသလို မျက်လုံးဖောက်ယူသွားတယ်လို့ ဘာတို့က မဟုတ်ပါဘူး။ ဖြစ်စဉ်ကိုလည်း ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။ ကောလာဟလ မယုံကြည်ကြဖို့၊ စဉ်းစားချင့်ချိန်ပြီးမှ ယုံကြည်ကြဖို့ကို တိုက်တွန်းလိုပါတယ်။ ဒါမျိုး ကောလာဟလဖြန့်နေသူတွေကိုလည်း နီးစပ်ရာရဲစခန်းတွေကို တိုင်တန်း ကြပါလို့ ပြောချင်ပါတယ်"လို့ ပြောပါတယ်။

အမုန်းစကားဖြန့်နေသူ၊ ကောလာဟလ သတင်းဖြန့်နေသူ၊ အကြမ်းဖက်လှုံ့ဆော်သူတွေကို စိစစ်ဖော်ထုတ်ပြီး အရေးယူနိုင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေနဲ့ စောင့်ကြည့်ရေးအဖွဲ့ဖွဲ့ကာ စနစ်တကျ လုပ်ဆောင်သွားမယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က စစ်ကိုင်းတိုင်းလွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် တဦးရဲ့ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားထားပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း အမုန်းစကားတွေကို မယုံကြည်ကြဖို့နဲ့ တရားခံ အစစ်အမှန် အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်နေတယ်လို့ ဘုတလင်မြို့မရဲစခန်းမှူး ဒုရဲမှူး ညီညီအောင်က ပြောပါတယ်။

အဆိုပါလူသတ်မှုကို ဘုတလင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး လုပ်ဆောင်နေပါတယ်။

 

ဓာတ်ပုံ - ဘုတလင်မြို့နယ်န ရဲတပ်ဖွဲ့

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024