အဲပုဂံလေယာဉ်ပျက်ကျမှု လေယာဉ်မှူးကြောင့် ဖြစ်နိုင်
ရွှေအောင်
·
February 1, 2013
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဟဲဟိုးလေဆိပ်အနီး Air Bagan ခရီးသည်တင် လေယာဉ်ပျက်ကျခဲ့မှုဟာ လေယာဉ်မှူးရဲ့ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်လွဲချော်မှုနဲ့ ကွက်ကျား ဖုံးအုပ်နေသော မြူများကြောင့် ဖြစ်နိုင်ချေရှိကြောင်း လေယာဉ်မတော်တဆ ထိခိုက်ပျက်စီးခြင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ မနက် ရန်ကုန်မြို့ လေကြောင်းပညာသိပ္ပံကျောင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လေယာဉ်မတော်တဆ ထိခိုက်ပျက်စီးခြင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်းက စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။
[caption id="attachment_36012" align="alignright" width="150" caption="စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း"][/caption]
ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက လေယာဉ်ပျက်ကျရာမှာ လေယာဉ်ပေါ်ပါ ခရီးသည်တဦး အပါအ၀င် ၂ ဦး သေဆုံးပြီး နိုင်ငံခြားသားတချို့နဲ့ ခရီးသည်တချို့ ဒဏ်ရာရရှိခဲ့တာပါ။
အဲပုဂံလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၅ နဲ့ ၂၆ ရက်တွေမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ Flight Data Recorder၊ လေယာဉ်မှူးနဲ့ လေကြောင်း ညွှန်ကြားမှုဦးစီးဌာန ဆက်သွယ် မှတ်တမ်းတင်ထားတဲ့ လေယာဉ်မှူးအခန်းမှာ တပ်ဆင်တဲ့ အသံဖမ်းကိရိယာ Cockpit Voice Recorder တို့ကို ဩစတြေးလျနိုင်ငံကို ပေးပို့စစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ခရီးသွားများ နားလည်ယုံကြည်မှု ရရှိလာရေးအတွက် အပြီးသတ်အစီရင်ခံစာ ရရှိတဲ့အခါ ပြည့်ပြည့်စုံစုံလည်း သတင်းထုတ်ပြန်ကြေညာမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
အဲပုဂံလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်ထဲမှာ မေးခွန်းထုတ်ခဲ့ရာမှာလည်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဟန်စိန်က လေယာဉ် မတော်တဆ ဖြစ်ပွားမှုဟာ ယေဘုယျ အားဖြင်တော့ လေယာဉ်ကွင်းသို့ ချဉ်းကပ်တဲ့အမြင့်ဟာ ရှိသင့်တာထက် နိမ့်ပြီး ချဉ်းကပ်တာကြောင့်လို့ ယူဆရပါကြောင်း၊ Man, Machine, Media ဟူသောအကြောင်းအချက် ၃ ချက်အနက် တခုခုကြောင့် ဖြစ်ပွားနိုင်ပါကြောင်း ပြောကြားခဲ့ပါတယ်။