Home
မြန်မာသတင်း
ကျည်ကာယာဉ် ၆ စီး ဝယ်ယူမှု အခွန်ကင်းလွတ်ခွင့်ပြုပေးရန် လွှတ်တော်ကို တင်ပြ
နေဖြိုးဝင်း
·
December 5, 2019
78230925_3073077766040555_6921826958464516096_o
78259118_3073077652707233_5929137704280260608_o
နိုင်ငံတော်အကြီးအကဲတွေနဲ့ နိုင်ငံတော်အဆင့်ဧည့်သည်တွေရဲ့ ခရီးစဉ်တွေမှာအသုံးပြုဖို့ ကျည်ကာယာဉ် ၆ စီး ဝယ်ယူတာမှာ အခွန်ကင်းလွတ်ခွင့်ပြုပေးဖို့ စီမံဘဏ္ဍာက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေနဲ့ နိုင်ငံတော်အဆင့်ဧည့်သည်တွေရဲ့ ခရီးစဉ်တွေမှာအသုံးပြုဖို့ Toyota Land cruis er(Bullet Proof) (2020) ၆ စီး ဝယ်ယူခွင့်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်မှာ ကျပ် ၁၂၄၉ ဒသမ ၉၉၈ သန်း ခွင့်ပြုထားပြီးဖြစ်ပါတယ်။ အခုလိုဝယ်ယူခွင့်ပြုထားတဲ့ ယာဉ် ၆ စီးကို တင်သွင်းတာမှာ အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းကင်းလွတ် ခွင့်ပြုပေးဖို့ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့တာပါ။ "၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ ဝယ်ယူမယ့်ယာဉ် ၆ စီး ဝယ်ယူတင်သွင်းတာမှာ ကျသင့်မယ့် အထူးကုန်စည်ခွန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၉၆ သိန်း နဲ့ ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၅၁၉ သိန်းတို့ကို ကင်းလွတ်ခွင့်ရရေး အတွက် တင်ပြအပ်ပါတယ်။"  ဂျပန်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီမှ ရန်ကုန်ဆိပ်ကမ်းအရောက်တန်ဖိုး(CIF Yangon) စျေးနှုန်းနဲ့ တိုက်ရိုက်မှာယူတဲ့စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ဆိပ်ကမ်းအရောက် တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅၉၂ သိန်းဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။ "ဒီလို ဝယ်ယူခြင်းဖြင့် နိုင်ငံတော်အကြီးအကဲတွေရဲ့ ပြည်တွင်းခရီးစဉ်တွေသွားလာတာမှာ လုံခြုံစိတ်ချမှုရှိပြီး အန္တရာယ်ကင်းစွာနဲ့ အသုံးပြုနိုင်မှာဖြစ်သလို နိုင်ငံတော်အဆင့် ဧည့်သည်တော် တွေရဲ့ ပြည်တွင်းခရီးစဉ်တွေမှာလည်း နိုင်ငံတော်ဧည့်ယာဉ်အဖြစ် အသုံးနိုင်မှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။ အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်အတွက် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(ခ) မှာ ပြည်ထောင်စုအစိုးရအဖွဲ့သည် အခွန်ကျသင့်တဲ့ အထူးကုန်စည်တမျိုးမျိုးကို ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည် လို့ ပြဋ္ဌာန်းထားသလို အခွန်အကောက် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)မှာ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်တဲ့ ကုန်စည်တွေနဲ့ပတ်သက်လို့ အမှတ်စဉ်(၄၁) မှာ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး အခွန်ကင်းလွတ်ခွင့်ပြုတဲ့ ကုန်စည်များ လို့ ပြဋ္ဌာန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024