Home
မြန်မာသတင်း
ရှင်မုတ္ထီးမြို့ဟောင်း မြို့ရိုးနှင့် ကျုံးတို့ ဖျက်ဆီးခံနေရ
DVB
·
December 5, 2019
78775544_2810598702331563_7736073021718265856_n
78693584_2810599015664865_1892397452867141632_n
78677313_2810599085664858_8431832379068252160_n
78406411_2810598845664882_4823979289726681088_n
78396620_2810598545664912_8130164330147610624_n
78395055_2810598612331572_3298471502495612928_n
75246811_2810598925664874_1749822989819445248_n
ထား၀ယ်မြို့နယ်၊ မုတ္တသုခနဂရမြို့ဟောင်း (ရှင်မုတ္တီးမြို့ဟောင်း)မှာ မြို့ရိုး၊ ကျုံးတို့ ဖျက်ဆီးခံနေရတယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့က ထား၀ယ်ရှေးဟောင်းသုတေသီတဦးက ပြောပါတယ်။ မြို့ရိုး၊ ကျုံးတို့ ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အသိပညာပေးတာ၊ ရှင်းပြတာနဲ့ တားမြစ်တာတွေ ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ ထား၀ယ်ရှေးဟောင်းသုတေသီ ဦးအောင်မျိုးက ပြောပါတယ်။ “တကယ်လို့လုပ်မယ်လို့ သက်ဆိုင်ရာဌာနကို အကြောင်းကြားဖို့လိုတယ်။ သက်ဆိုင်ရာ ကော်မတီတွေလည်း ဖွဲ့စည်းထားတာရှိတယ်။ အဲဒါတွေကို အကြောင်းကြားပြီး လုပ်သင့်တယ် မလုပ်သင့်ဘူး၊ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုပြီး လုပ်လို့ရတယ်။” ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ရှင်မုတ္ထီးမြို့ဟောင်းမြို့ရိုးနဲ့အတူ သာဂရမြို့ဟောင်း (ထား၀ယ်မြို့ဟောင်း) မှာလည်း အိမ်ထပ်ဆောက်ခြင်း၊ လမ်းချဲ့ခြင်း၊ ကွန်ကရစ်လမ်းခြင်းခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အခုလို လုပ်နေပါက နောက်တချိန်မှာ ထား၀ယ်လူမျိုးတွေရဲ့အစဉ်အလာကြီးမားတဲ့ သမိုင်းအမွေအနှစ်ကို လက်ညိုးထိုးပြစရာမရှိသလို ဖြစ်သွားမယ်လို့ ဦးအောင်မျိုးက ပြောပါတယ်။ ၂၀၁၅ ခုနှစ်က ရှင်မုတ္တီးမြို့ဟောင်းတောင်ဘက်မြို့ရိုးဖြစ်တဲ့ လှည်းဂျောတော ဘုရား၀င်လမ်းမှာ အိမ်ယာကွက်ဖော်လို့ တားမြစ်ထားပေမယ့် အခုအခါအိမ်ဆောက်ပြီး အိမ်နောက်ဘက်မှာ ၆ပေခန့် အနက်ရှိတဲ့ရေမြောင်းတွေ တောက်လျောက်တူးလိုက်လို့ အုတ်မြို့ရိုးတန်းတွေ ပေါ်လာတယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်မှာ တောင်ဘက်မြို့ရိုးနဲ့ တဆက်တည်းရှိ ပသျှူးကြောက်ဘုရားအရှေ့မှာ ဘောလုံးကွင်းပြုလုပ်ဖို့ မြို့ရိုးဖြိုချခံရတယ်လို့ ဆိုပါတယ်။ ဘောလုံးကွင်းပြုလုပ်ဖို့ မြို့ရိုးဖြိုချခံရလို့ တနင်္သာရီတိုင်း၀န်ကြီးချုပ်နဲ့ ထား၀ယ်မြို့ရှိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူးတို့ထံ ရှင်မုတ္ထီးကျေးရွာရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တင်​​ပြပေမယ့်လည်း ထူးခြားမှုမရှိဘူးလို့ သိရပါတယ်။ ၂၀၀၅ ခုနှစ်က အနောက်ဖက်မြို့ရိုးမှာလည်း မြေကွက်ရိုက်ရန်လုပ်ဆောင်ခဲ့လို့ တားမြစ် ထားပေမယ့် အခုအခါ သဲဆိပ်ပြုလုပ်ဖို့ မြို့ရိုးဖြိုချထားတာ တွေ့ရတယ်လို့ ဦအောင်မျိုးက ဆိုပါတယ်။ ၂၀၁၈ ခုနှစ်က မြောက်ဘက်မြို့ရိုးမှာလည်း ခြံရှင်လင်းရာမှာ အုတ်ခွက်ဘုရားတွေ တွေ့ရပါတယ်။ ရှင်မုတ္ထီးမြို့ဟောင်းမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ မြို့ရိုး၊ ကျုံးတွေကို ဖျက်ဆီးပြီး တိုးချဲ့တာ၊ အဆောက်အဦဆောက်လုပ်တာတွေကို နောက်နောင်မပြုလုပ်နိုင်ရေးနဲ့ မြို့ရိုးအရှေ့နဲ့ အနောက်တတန်းတည်းဖြစ်အောင် ပြုလုပ်ပေးနိုင်ဖို့ ရှေးဟောင်းကာကွယ် ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးအတွက် ၂၀၁၆ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူးထံ ရှင်မုတ္ထီးကျေးရွာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တင်ပြထားပေမယ့်လည်း ထူးခြားမှုမရှိဘူးလို့ ဆိုပါတယ်။ ၂၀၀၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သာဂရမြို့ဟောင်းကိုရှေး ဟောင်းသုတေသန တူးဖော်ရေးပညာရှင်တွေ ၃ ကြိမ်လာရောက် တူးဖော်ခဲ့စဉ်က ထား၀ယ်မြို့နဲ့ ဆက်စပ်တဲ့ ရှေးမြို့ဟောင်းတွေဖြစ်တဲ့ ဝေဒီမြို့ဟောင်းနဲ့ ရှင်မုတ္ထီးမြို့ဟောင်းတို့ကို ကွင်းဆင်းသွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။ ရှေးဟောင်းသုတေသနတူးဖော်ရေးပညာရှင်များက ရှင်မုတ္ထီးမြို့ဟောင်းကို ၄ ကြိမ်ကွင်းဆင်း လေ့လာပြီး ကွင်းဆင်းသုတေသန မှတ်တမ်းတင်ခဲ့တယ်လို့သိရပါတယ်။ ရှင်မုတ္ထီးမြို့ရိုးတည်ဆောက်ပုံမှာ ဗိသာနိုးမြို့ရိုး တည်ဆောက်ပုံနဲ့တူတယ်လို့ ဆိုပါတယ်။ ဗိသာနိုးမြို့ဟောင်းမှာ ရန်ပယ်ချောင်းကိုမှေးတင်ပြီး လေးထောင့်ပုံတည်ဆောက်ထားပြီး ရှင်မုတ္ထီးမြို့ရိုးမှာ ပေါက်တိုင်ချောင်းကိုမှေးတင်ပြီး လေးထောင့်ပုံတည်ဆောက်ထားတယ်လို့ သိရပါတယ်။ ရှင်မုတ္ထီးမြို့ဟောင်းမှာ နန်းတော်တည်နေရာ၊ နန်းဦးစေတီ၊ ဆင်ကန်၊ မြင်းကန်၊ မြို့ရိုးတွေ၊ အုတ်ခွက်ဘုရားတွေ စတာတွေက သမိုင်းအထောက်အထားအနေနဲ့ တည်ရှိနေပါတယ်။ တင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024