DVB Logo
Home
မြန်မာသတင်း
ဓာတုပစ္စည်းအန္တရာယ် ဥပဒေမူကြမ်း ထုတ်ပြန်
DVB
·
January 31, 2013
Donate to DVB

သတ္တ၀ါတွေနဲ့သဘာဝအရင်းအမြစ်တွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပြီး မြန်မာအစိုးရက  ဓာတုဗေဒပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းတခုကို  အများပြည်သူလေ့လာနိုင်ဖို့  ဒီနေ့  ထုတ်ပြန်လိုက်ပါတယ်။

ဓာတုဗေဒနဲ့ ဆက်စပ်ပစ္စည်းတွေကြောင့် သက်ရှိသတ္တ၀ါတွေ ဘေးအန္တရာယ်မှ အကာကွယ်ပေးဖို့၊ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေကို ထိခိုက်ပျက်စီးခြင်းမှ အကာအကွယ်ပေးဖို့နဲ့ ဓာတုပစ္စည်းတွေ စနစ်တကျသုံးစွဲစေရေးအတွက် ပညာရေးလုပ်ငန်းနဲ့ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရည်ရွယ်တာလို့  ဥပဒေမူကြမ်းမှာ ဖော်ပြပါတယ်။

ဒီဥပဒေမှာ ဓာတုဗေဒပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ကို စက်မှုဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေက ခေါင်းဆောင်ပြီး ကျွမ်းကျင်သူပညာရှင်တွေနဲ့ ဖွဲ့စည်းဆောင်ရွက်သွားဖို့ ပါဝင်ပါတယ်။

ဗဟိုဦးစီးအဖွဲ့က တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုဗေဒပစ္စည်းတွေ ထုတ်လုပ် ဖော်စပ်တာ၊ လက်ဝယ် တွေ့ရှိတာနဲ့ သိုလှောင်ဖြန့်ဖြူးရောင်းချသူတွေကို ၇ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငွေ ၇ သိန်းထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် လိုင်စင်မရှိဘဲ ဓာတုပစ္စည်းလုပ်ငန်းတွေလုပ်ကိုင်ရင်  ဒါမှမဟုတ် မှတ်ပုံတင်ထားခြင်း မရှိတဲ့ အရည်အသွေးစံမမီတဲ့ ဓာတုပစ္စည်းတွေသုံးစွဲရင်တော့ ထောင်ဒဏ် ၅ နှစ် ထိနဲ့ ကျပ်ငွေ ၅ သိန်း ဒဏ်တပ်နိုင်တယ်လို့လည်း ဥပဒေမူကြမ်းမှာပါရှိပါတယ်။

ဒီဥပဒေကိုအတည်ပြုဖို့ ဘယ်တော့လုပ်ဆောင်မယ်ဆိုတာတော့ မသိရသေးပါဘူး။ ဓာတုဗေဒကျွမ်းကျင်သူ ဒေါက်တာ ခင်မောင်ညိုကတော့ ဒီဥပဒေကြောင့် ဓာတုဗေဒပစ္စည်းတွေကြောင့် ပြည်သူတွေအကြား မတော်တဆဖြစ်မှုတွေ လျော့နည်းသွားမှာဖြစ်လို့ ဒီဥပဒေကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“လျော့သွားမှာပါ။ လျော့သွားဖို့လုပ်တာလေ။ ဒီဥပဒေကြောင့် ဓာတုဗေဒပစ္စည်းတွေသုံးစွဲတာမှာ သတိထားပြီး လျော့သွားမယ်ထင်တယ်။ အရေးယူမှုတွေရှိလာရင်လည်း ပိုလျော့သွားမယ်ထင်တယ်။ လောလောဆယ် ဥပဒေအားသာချက်၊ အားနည်းချက်ကို ပြောလို့မရသေးဘူး။ ဒါပေမယ့် ကျနော့်အနေနဲ့ အဖွဲ့အစည်းတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ချက်လေးတွေ ထည့်ပေးဖို့ သင့်တာပေါ့။ ပညာရှင်တွေနဲ့။ အန်ဂျီအိုတွေနဲ့သော်လည်းကောင်း၊ အစိုးရအဖွဲ့နဲ့သော်လည်းကောင်း ပူးတွဲလုပ်ဆောင်သွားဖို့ လိုအပ်တယ်။ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲလုပ်သွားဖို့ လိုအပ်တဲ့အပိုင်းတွေလည်း အများကြီးပါတယ်။”

မြန်မာနိုင်ငံဈေးကွက်တွေအတွင်း အများပြည်သူစားသုံးတဲ့စားသောက်ကုန်တွေ ဟင်းသီးဟင်းရွက်တွေနဲ့ သားငါးတွေမှာ ဓာတုဗေဒဆိုးဆေးတွေ အသုံးပြုမှု ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်နေချိန်မှာ ခုလို ဥပဒေကြမ်းထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကုန်ပိုင်းကလည်း  ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် စက်ဆန်း ပရဆေးသိုလောင်ရုံမှာ တရားမ၀င် သိုလှောင်ထားတဲ့ ဓာတုဗေဒ ပစ္စည်းတွေ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတွေ အများအပြား ထိခိုက်သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013